CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆
၂၀၂၅ အာဖရိကဖလား ချန်ပီယံဆု ရုပ်သိမ်းခံရပြီးနောက် ဆီနီဂေါအသင်းရဲ့ အယူခံဝင်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဆုံးဖြတ်ပေးမယ်လို့ အားကစားဆိုင်ရာခုံရုံး(CAS)က ပြောခဲ့ပါတယ်။
ဆီနီဂေါအသင်းဟာ ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ အိမ်ရှင်မော်ရိုကို အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ဒီပွဲရဲ့မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ကွင်းလယ်ဒိုင်လူကြီးက အိမ်ရှင် မော်ရိုကိုအသင်းဘက်ကို ပယ်နယ်တီ ပေးခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ဆီနီဂေါအသင်း ကစားသမား အများအပြားဟာ ကွင်းထဲကနေ ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ အယ်လ်နာဆာအသင်း ကြယ်ပွင့် မာနေးရဲ့ စည်းရုံးမှုတွေကြောင့် ဆီနီဂေါအသင်း ကစားသမားတွေ ကွင်းထဲပြန်ဝင်လာပြီး ပွဲပြန်စတင်နိုင်ခဲ့တာပါ။
မော်ရိုကိုအသင်းရဲ့ ပယ်နယ်တီ ကန်သွင်းမှုကို ဆီနီဂေါအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီးနောက် အချိန်ပိုကစား ခဲ့တာမှာ ဆီနီဂေါအသင်းက အနိုင်ဂိုးသွင်းပြီး ချန်ပီယံဆုရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆီနီဂေါ ကစားသမားတွေ ကွင်းထဲကနေ ထွက်ခွာခဲ့တဲ့ဖြစ်ရပ်ကို မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က အယူခံဝင်ခဲ့တာပါ။

ဆီနီဂေါအသင်းကို တွေ့ရစဉ်
အဲ့ဒါကြောင့် ဗိုလ်လုပွဲအပြီး ရက်ပေါင်း ၅၈ ရက်အကြာမှာ မကြုံစဖူး ဆုံးဖြတ်ချက်အဖြစ် အာဖရိကဘောလုံးအဖွဲ့ ချုပ်(CAF)က မော်ရိုကိုအသင်းကို ချန်ပီယံအသင်းအဖြစ် ကြေညာကာ ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရလဒ် ပေးခဲ့တာဖြစ်ပါ တယ်။
အခုအချိန်မှာတော့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာ အားကစားခုံရုံးထံ အယူခံဝင်ခဲ့ပြီး သူတို့ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
CAS ရဲ့ အထွေထွေဒါရိုက်တာက အသင်းတွေနဲ့ ပရိသတ်တွေဟာ နောက်ဆုံး ဆုံးဖြတ်ချက်ကို သိရှိချင်နေတာကို သူတို့နားလည်တဲ့အတွက် အမြန်ဆုံး ဆုံးဖြတ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို ဘယ်အချိန်မှာ ချမှတ်မလဲဆိုတဲ့ အချိန်အတိအကျတော့ မရှိသေးတာ ဖြစ်ပါတယ်။
Source: BBC
