CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၅

ဟာကီမီဟာ သူ့ရဲ့ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ်မြောက် ရယူနိုင်ဖို့ ရည်ရွယ်ထားတာ ကြောင့် PSG အသင်းအတွက်  အပြည့်အဝ ကတိကဝတ် ပြုထားဆဲ ဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူက ပြောခဲ့ပါ တယ်။ 

အေးဂျင့် ကာမာနိုက “ဟာကီမီဟာ PSG မှာ အလွန်ပျော်ရွှင်နေပါတယ်။ သူဟာ ဒီမှာ အလွန်ကောင်းမွန်တယ်လို့ ခံစားနေရပြီး ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ်မြောက် ရယူချင်နေပါတယ်။ သူဟာ အသင်းကို ဖြစ်နိုင်သမျှ ဦးဆောင်ချင်ပါတယ်”လို့ ပြောခဲ့တာပါ။ 

မော်ရိုကိုနောက်ခံလူ ဟာကီမီဟာ အသင်းဟောင်း ရီးရယ်လ်အသင်းထံ ပြန်သွားဖို့ ချိတ်ဆက်မှုတွေ ခံနေရချိန်မှာ အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမား အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းလင်းမှု ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ အင်တာမီလန်အသင်းကနေ ရောက်ရှိလာပြီးကတည်းက PSG အသင်းမှာ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြသနေတဲ့ ဟာကီမီနဲ့ PSG အသင်းတို့ စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေတာပါ။ 

ရီးရယ်လ်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဟာကီမီဟာ အသင်းဟောင်းထံ ပြန်လာဖို့ အလား အလာ ရှိတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြခဲ့ပါတယ်။ 

ဟာကီမီကို တွေ့ရစဉ်

အေးဂျင့် ကာမာနိုကတော့ ဟာကီမီဟာ ရီးရယ်လ်အသင်းထံ ပြန်သွားဖို့ ဘယ်တုန်းကမှ ဆွေးနွေးမှုတွေ မရှိခဲ့ဘူး လို့ တုန့်ပြန်ထားပါတယ်။

ဒါ့အပြင် ကာမာနိုက ဟာကီမီဟာ PSG အသင်း အကြောင်းပဲ စဉ်းစားနေပြီး သူထွက်ခွာမှာကို မေးခွန်းထုတ်စရာ မရှိဘူးလို့ ပြောခဲ့တာပါ။ 

ဟာကီမီဟာ ၂၀၁၇ ခုနှစ်မှာ ရီးရယ်လ်အသင်းအတွက် ပွဲထွက်ခွင့် ရခဲ့ပေမယ့် အသင်းမှာ တစ်ရာသီကြာသာ ကစားကာ ဒေါ့မွန်အသင်းထံ ၂ ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဒီနောက်မှာ ဟာကီမီဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီကြာသာ ကစားကာ PSG အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ဟာကီမီဟာ PSG အသင်းအတွက် ၁၉၉ ပွဲ ကစားထားပြီး ချန်ပီယံလိဂ် အပါအဝင် ပြည်တွင်းဖလား အားလုံးကို ရယူနိုင်ခဲ့ပါတယ်။ 

Source: Goal