CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁

ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ အသင်းဟောင်း ပီအက်စ်ဂျီအသင်းကနေ ရရှိမယ့် အကြွေးယူရို ၅၅ သန်းကို တောင်းဆိုခဲ့ပြီး ပြင်သစ်လီဂူး-၁ တရားရေးကော်မတီနဲ့ UEFA ထံ ဆက်သွယ်ထားတယ်လို့ Le Monde သတင်းမှာ ဖော်ပြထားပါတယ်။ 

ဒီယူရို ၅၅ သန်းဟာ ဘတ်ပီ ပီအက်စ်ဂျီအသင်းကနေ ရရှိမယ့် နောက်ဆုံး ၃ လစာနဲ့ သူ့ရဲ့သစ္စာရှိမှု ဆုကြေးငွေရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ သိရတာပါ။ 

ဘတ်ပီဟာ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရယ်လ်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို အသင်းမှာ ဆက်ရှိဖို့ ကြိုးစားခဲ့ပေမယ့် ထွက်ခွာသွားတဲ့အပေါ် စိတ်ပျက်ပြီး သူ့ရဲ့လုပ်ခလစာတွေကို မပေးဘဲ ထားရှိထားတာပါ။ 

အခုအချိန်မှာ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကနေ ရရှိမယ့် နောက်ဆုံး ၃ လစာအပြင် ၂၀၂၂ ခုနှစ်က စာချုပ် သက်တမ်းတိုးပြီးနောက် ရရှိမယ့် လက်မှတ်ထိုးကြေးကိုပါ ရရှိချင်နေတာ ဖြစ်ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီနဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ပီအက်စ်ဂျီအသင်းထံ စာပို့ပြီး တောင်းဆိုခဲ့ပေမယ့် ပြင်သစ်ကလပ်ဆီကနေ အကြောင်းပြန်မှု မရရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဘတ်ပီတို့အဖွဲ့ဟာ ပြင်သစ်လီဂူး-၁ တရားရေးကော်မတီနဲ့ ယူအီးအက်ဖ်အေထံ ဆက်သွယ်မှုတွေ ပြုလုပ်လာခဲ့တာပါ။

ပီအက်စ်ဂျီအသင်းအနေနဲ့ ဘတ်ပီတောင်းဆိုမှုကို ပေးဖို့ပျက်ကွက်ခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ အရေးယူမှုတွေကို ခံယူရဖွယ်ရှိနေတာပါ။ 

ပြင်သစ်ဘောလုံးလိဂ်အဖွဲ့ချုပ်ဟာ ပီအက်စ်ဂျီအသင်းကို ကစားသမားအသစ် ခေါ်ယူမှုပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ် နိုင်သလို UEFA ကလည်း ပီအက်စ်ဂျီအသင်းကို ဥရောပပြိုင်ပွဲတွေကနေ ယှဉ်ပြိုင်ခွင့် ပိတ်ပင်နိုင်တာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ၇ ရာသီကြာ ကစားခဲ့ပြီး ဆုဖလား အများအပြား ရယူနိုင်ခဲ့သလို အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ 

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ အသင်းသစ်ရီးရယ်လ်အသင်းအတွက် ၂ ပွဲကစားထားပြီး ၁ ဂိုးသွင်းယူကာ ဥရောပစူပါဖလား ရရှိထားတာ ဖြစ်ပါတယ်။ 

Source: besoccer