CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁

ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း(PFA)က ချီးမြှင့်တဲ့ ၂၀၂၃-၂၄ ရာသီ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို မန်စီးတီးအသင်းက ဖိုဒန်က ရရှိခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကို ချယ်လ်ဆီးအသင်းက ကိုးလ်ပါလ်မာက ရရှိသွားခဲ့ပါတယ်။ 

ဒီဆု ၂ ခုစလုံးကို အင်္ဂလိပ် ကစားသမားတွေ ရယူနိုင်ခဲ့တာဟာ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့တာပါ။ 

ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၃၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူကာ အသင်းကို သမိုင်းဝင် ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက်တိုက် ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဖိုဒန်ဟာ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ဘောလုံးအားကစား ကလောင်ရှင်များအဖွဲ့အစည်း(FWA)ရဲ့ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ရယူထားပြီးဖြစ်တာပါ။ 

ဖိုဒန်က “ဒီဆုကို ရယူနိုင်ခဲ့တာက အလွန်ထူးခြားပြီး ကျနော် အလွန်ဂုဏ်ယူသလို ကျေးဇူးလည်း တင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေရဲ့ အသိအမှတ်ပြုခံရတာက ကျနော်အတွက် အဓိပ္ပါယ်အများကြီး  ရှိပါ တယ်။ ကျနော်ကို မဲပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကလပ်မှာရှိတဲ့ လူတိုင်း အတွက် အလွန်ထူးခြားခဲ့ပေမယ့် အခုအချိန်မှာ ကျနော်တို့ဟာ ဒီရာသီမှာ အောင်မြင်မှုတွေ ပိုပြီးရရှိအောင် ကြိုးစားဖို့ အာရုံစိုက်ထားတယ်”လို့ ပြောခဲ့ပါတယ်။ 

 ဖိုဒန်ကို တွေ့ရစဉ်

PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီး အသင်းအတွက် ပရီးမီးယားလိဂ် ၃၄ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

အဲဒါကြောင့် ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ကိုးလ်ပါလ်မာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းယူ နိုင်ခဲ့တာပါ။ 

PFA တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ မန်စီးတီးအသင်းက ကစားသမား ၄ ဦး၊ အာဆင်နယ်အသင်းက ကစားသမား ၅ ဦးအထိ ပါဝင်ခဲ့ပါတယ်။

PFA တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို မန်စီးတီးအသင်းက ခါဒီဂျာရှောနဲ့ လူငယ် ကစားသမားဆုကို ပြီးခဲ့တဲ့ရာသီက စပါးအသင်းမှာ အငှားကစားခဲ့တဲ့ ယူနိုက်တက်အသင်း ကွင်းလယ်လူ ကလင်တန်တို့က ရရှိသွားခဲ့တာဖြစ်ပါတယ်။ 

Source: BBC