CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉
ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာဟာ ၂၀၂၃-၂၄ အတွက် အင်္ဂလန်အမျိုးသား တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
ကိုးလ်ပါလ်မာဟာ ဒုတိယနဲ့ တတိယရခဲ့တဲ့ ဘယ်လင်ဂမ်နဲ့ ဆာကာတို့ကို မဲအသာရပြီး ဒီဆုကို ရရှိခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မောလ်တာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အင်္ဂလန်အသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ အင်္ဂလန်အသင်းအတွက် ၉ ပွဲ ပါဝင်ကစားထားပြီး ဘော့စနီးယား အသင်းနဲ့ ခြေစမ်းပွဲ၊ စပိန်အသင်းနဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲတွေမှာ ၁ ဂိုးစီသွင်းယူနိုင်ခဲ့တာပါ။
ဒါအပြင် ကိုးလ်ပါလ်မာဟာ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ နယ်သာလန်အသင်းနဲ့ပွဲမှာ အင်္ဂလန်အသင်း အတွက် အနိုင်ဂိုးဖြစ်စေမယ့် ဝက်ကင်စ်သွင်းယူတဲ့ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ကိုးလ်ပါလ်မာဟာ ၂၀၁၀ ခုနှစ်က အက်ရှ်လေကိုးလ် နောက်ပိုင်း အင်္ဂလန်အမျိုးသား တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုရရှိတဲ့ ပထမဆုံး ချယ်လ်ဆီးအသင်း ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဂန္ထဝင် လမ်းပတ်ကလည်း ဒီဆုကို ၂ ကြိမ် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာဟာ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ပြီးကတည်းက ခြေစွမ်းပြသနေပြီး တစ်ဦးချင်းဆု အများအပြားကိုလည်း ရယူနိုင်ခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့လက ယာယီနည်းပြ လီကာစလေလက်ထက် ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ် ၂ ပွဲ စလုံးကို ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ကိုးလ်ပါလ်မာဟာ ဂရိ၊ ဖင်လန်အသင်းတို့နဲ့ ကစားမယ့် နေးရှင်းလိဂ်ပွဲတွေအတွက် အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပွဲထွက်လူစာရင်း ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal
 
	    	  	
	    	       
	    
	  	   
			 
		 
			 
			 
                        
