CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈

အင်တာမိုင်ယာမီ အသင်းဖော်တွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံး ကစားသမား(MVP)ဆုအတွက် ဆန်ခါတင်စာရင်းမှာ စင်စင်နာတီအသင်းက အေကိုစတာ၊ ကိုလံဘတ်စ်အသင်းက ဟာနန်ဒက်ဇ်၊ LA ဂလက်ဇီအသင်းက ရီကွီတို့နဲ့အတူ ပါဝင်နေခဲ့ပါတယ်။ 

မေဂျာလိဂ်ဟာ ဒီဆုအတွက် ဆန်ခါတင် ၃၄ ဦးစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီး ဆုအတွက် မဲပေးမှုကို အောက်တိုဘာ ၂၁ ရက်အထိ ဖွင့်ထားသွားမှာပါ။ 

အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီဟာ ဒီဆုရဲ့ ဆန်ခါတင်စာရင်းမှာ ဒုတိယအကြိမ်မြောက် ပါဝင်ခဲ့ပြီး မနှစ်ကတော့ ဒီဆုကိုရခဲ့ခြင်း မရှိပါဘူး။ 

မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ်ပွဲပေါင်း ၁၈ ပွဲသာ ကစားခဲ့ပေမယ့် ၁၇ ဂိုး သွင်းပြီး ၁၅ ဂိုး ဖန်တီးခဲ့တာကြောင့် ဒီဆုကို ရယူနိုင်မယ့်သူအဖြစ် ရေပန်းစားနေပါတယ်။ 

ဆွာရက်ဇ်ကလည်း သူ့ရဲ့ပွဲဦးထွက် ရာသီမှာ အင်တာမိုင်ယာမီ အသင်းအတွက် လိဂ်ပွဲ ၂၆ ပွဲ ကစားထားတာမှာ ၁၈ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးထားကာ ဆုရရှိဖို့ ရေပန်းစားနေတဲ့ သူတွေထဲမှာ ပါဝင်နေတာပါ။ 

 မက်ဆီနဲ့ဆွာရက်ဇ်ကို တွေ့ရစဉ်

ဥရုဂွေးတိုက်စစ်မှူးဟောင်းဟာ အင်တာမိုင်ယာမီအသင်း Supporters' Shield ဆုဖလား ရယူနိုင်အောင် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ MVP ဆုအပြင် မေဂျာလိဂ် မျက်နှာသစ်ဆုအတွက် အသင်းဖော် ရိုဂျက်စ်နဲ့အတူ ဆန်ခါတင်စာရင်း ထဲ ပါဝင်နေတာပါ။ 

အင်တာမိုင်ယာမီ ကစားသမားတွေဖြစ်တဲ့ ရီဒန်ဒိုနဲ့ ဂိုးမက်ဇ်တို့ဟာ မေဂျာလိဂ်လူငယ် အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်နေသလို နောက်ခံလူ အယ်လ်ဘာကလည်း တစ်နှစ်တာ အကောင်းဆုံး နောက်ခံလူ စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ 

ဒါအပြင် အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုဟာ အကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်စာရင်းထဲ ပါဝင်နေပါတယ်။ 

ဒီဆုတွေကို မေဂျာလိဂ်ကလပ် ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ မီဒီယာအဖွဲ့ဝင်တွေရဲ့ မဲတွေနဲ့ ဆုံးဖြတ်သွား မှာပါ။ 

မေဂျာလိဂ်ဟာ ဆုရတဲ့သူတွေကို အောက်တိုဘာ ၂၈ ရက်မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။

Source: ESPN