CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀

အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ MVP ဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး သူဟာ မေဂျာလိဂ် သမိုင်းမှာ ဒီလိုအောင်မြင်မှုကို ရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာမိုင်ယာမီအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် မေဂျာလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းက ဗန်ကူးဗားအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ဖလား ဗိုလ်လုပွဲမှာ မက်ဆီဟာ အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

မက်ဆီဟာ ၂၀၂၅ ပုံမှန်ရာသီအတွင်းမှာ ၂၉ ဂိုးသွင်းပြီး လိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့တာပါ။

အာဂျင်တီးနားအသင်း ခေါင်းဆောင်ဟာ မေဂျာလိဂ် ၂၈ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၄၈ ဂိုးရှိခဲ့ပြီး လိဂ်သမိုင်းမှာ ဒုတိယမြောက် အများဆုံး စံချိန်ဖြစ်ခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်

မက်ဆီဟာ မေဂျာလိဂ် တစ်ရာသီအတွင်းမှာ ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ပွဲ ၁၀ ပွဲအထိရှိခဲ့တဲ့ မေဂျာလိဂ် သမိုင်းမှာ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့တာပါ။ 

မေဂျာလိဂ် MVP ဆုကို ၁၉၉၆ ခုနှစ်ကတည်းက စတင် ချီးမြှင့်ခဲ့တာဖြစ်ပြီး မေဂျာလိဂ်ကလပ်တွေရဲ့ နည်းစနစ် အဖွဲ့တွေ၊ မီဒီယာတွေနဲ့ လက်ရှိ ကစားသမားတွေက မဲပေးပြီး ရွေးချယ်တာ ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်အတွက် မေဂျာလိဂ် MVP ဆုမှာ မက်ဆီက မဲအရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး သူ့ရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ဆန်ဒီယေဂိုအသင်းက ဒရီယာကတော့ ၁၁ ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ရာသီကုန်အထိ စာချုပ် သက်တမ်းတိုးထားတဲ့ မက်ဆီဟာ အသင်းနဲ့အတူ ၂၀၂၃ လိဂ်ဖလား၊ ၂၀၂၄ Supporters' Shield နဲ့ ၂၀၂၅ မေဂျာလိဂ်ဖလားတို့ကို ရရှိထားတာဖြစ်ပါတယ်။ 

Source: BBC