CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုက အသင်းခေါင်းဆောင် မက်ဆီဟာ ရီးရယ်လ်ဆော့လိတ်အသင်းနဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ကစားမယ့် ရာသီသစ် မေဂျာလိဂ် အဖွင့်ပွဲစဉ်မတိုင်ခင်မှာ ကြံ့ခိုင်မှု အပြည့်အဝရှိနေမယ်လို့ ပြောလိုက်ပါတယ်။

မာတီနိုက “မက်ဆီ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ သူ့ကို ပွဲချိန်မိနစ် အနည်းငယ်ချင်း အသုံးပြုနေတာ အမှန်ပါပဲ။ နယူးဝဲလ်အိုးဘွိုင်းစ်နဲ့ပွဲမှာ သူ မိနစ် ၆၀ နီးပါး ကစားနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် မေဂျာလိဂ်ရာသီသစ်ပွဲမှာ သူကောင်းမွန်စွာ ပြင်ဆင်လာမယ်လို့ ထင်ကြောင်း”ပြောခဲ့တာပါ။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းရဲ့ ရာသီကြို ခရီးစဉ်အတွင်းမှာ ပေါင်ခြံဒဏ်ရာ ပြဿနာရှိခဲ့ပေမယ့် အသင်း ရဲ့ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ငယ်ဘဝကလပ် နယူးဝဲလ်အိုးဘွိုင်းစ် အသင်းနဲ့ပွဲစဉ်မှာ ပါဝင် ကစားခဲ့တာ ဖြစ်ပါတယ်။ 
မက်ဆီဟာ ပြီးခဲ့တဲ့ ဟောင်ကောင်ခြေစမ်းပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရသလို ဟောင်ကောင်အစိုးရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရတာပါ။

နည်းပြ မာတီနိုကတော့ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မက်ဆီရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။ 


အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၃ ပွဲသရေနဲ့ ၃ ပွဲ အရေး နိမ့်ခဲ့တာပါ။

မက်ဆီဟာ ဒီခြေစမ်းပွဲတွေမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ 

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမိုင်ယာမီအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားဖြစ်တဲ့ လိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး ပါဝင်ကစားပေးခဲ့တဲ့ ၁၄ ပွဲမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးခဲ့တာကြောင့် ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူကာ အသင်းရဲ့တိုက်စစ်ကို အားဖြည့်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ ရလဒ်ကောင်းတွေရယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: ESPN