CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄

အင်တာမိုင်ယာမီအသင်းက အသင်းခေါင်းဆောင် မက်ဆီဟာ အသင်းမှာ ၂၀၂၈ မေဂျာလိဂ် ရာသီကုန်အထိ ဆက်ရှိမယ့် စာချုပ်သက်တမ်း တိုးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်က ၂ နှစ်ခွဲ စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ အသင်းရဲ့ အိမ်ကွင်းအသစ်ဖြစ်တဲ့ Miami Freedom Park မှာ မက်ဆီစာချုပ်ပေါ် လက်မှတ်ရေးထိုးနေတဲ့ ဗွီဒီယိုနဲ့ သူ့ရဲ့စာချုပ်အသစ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီက “ဒီမှာ ဆက်နေရတာကို အလွန်ပျော်ရွှင်သလို Miami Freedom Park မှာ ကစားချင်တဲ့ အိပ်မက် ကလည်း အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ မိုင်ယာမီကို ရောက်ရှိလာကတည်းက ကျနော် အလွန်ပျော်ခဲ့တာကြောင့် ဒီမှာ ဆက်ကစားရမှာကို ဝမ်းသာမိပါတယ်။ ဒီလိုခမ်းနားတဲ့ အားကစားကွင်းကို အိမ်ကွင်းအဖြစ်ကစားရမှာက အလွန်ထူးခြားတဲ့ အရာဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။ 

မက်ဆီကို တွေ့ရစဉ် 

Ballon d'Or ဆုကို စံချိန်တင် ၈ ကြိမ်အထိ ရရှိထားတဲ့ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲဦးထွက် ပြီးကတည်းက အသင်းဟာ ကွင်းအတွင်း၊ ကွင်းအပြင် အကျိုးအများအပြား ရခဲ့သလို မေဂျာလိဂ်ကလည်း ပရိသတ်ကြည့်ရှုမှု စံချိန်တင်ခဲ့တာပါ။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားအဖြစ် ၂၀၂၃ လိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး နောက်ထပ် ဆုဖလားအဖြစ် ၂၀၂၄ Supporters' Shield နဲ့ တစ်ရာသီအတွင်း လိဂ်မှာ အမှတ် အများဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

မက်ဆီဟာ တစ်ဦးချင်းဆုအနေနဲ့ ၂၀၂၄ မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး မကြာသေးမီ ကလည်း ဒီရာသီလိဂ်ပြိုင်ပွဲမှာ ၂၉ ဂိုးသွင်းယူကာ ၂၀၂၅ မေဂျာလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါ။ 

အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆု အတွက်လည်း ဆန်ခါတင် စာရင်းထဲ ပါဝင်နေပြီး ဒီဆုကို ၂ နှစ်ဆက်တိုက် ရရှိတဲ့ ပထမဆုံး ကစားသမားဖြစ်လာဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။ 

Source: ESPN