CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြ ရှောင်ဒိုက် လက်ထက် ပထမဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ကွင်းလယ်တိုက်စစ် ကစားသမား မော်ဂန်ဂစ်ဘ်စ်ဝှိုက်က အသက်ရှူနိုင်ပြီလို့ ခံစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။
ဂစ်ဘ်စ်ဝှိုက်က “နောက်ဆုံးတော့ ကျနော် အသက်ရှူနိုင်ပြီလို့ ခံစားခဲ့ရပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေ၊ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ခက်ခဲတဲ့လ အနည်းငယ်ကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဥရောပညရဲ့ အိမ်ကွင်းပွဲစဉ်မှာ အခုလိုမျိုး လုပ်နိုင်ခဲ့တာက မယုံ နိုင် စရာကောင်းတဲ့ ခံစားချက်ဖြစ်ပြီး ပရိသတ်တွေထက် ပိုပြီးထိုက်တန်တဲ့သူ မရှိပါဘူး။ ဒီနိုင်ပွဲက ပရိသတ်တွေ အတွက်ပါ”လို့ TNT Sports ကို ပြောခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ပြီးကတည်းက နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး အသင်းဟာ နည်းပြနူနိုဆန်တိုကို ထုတ်ပယ်ခဲ့သလို သူ့နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူးကိုလည်း ၃၉ ရက်အကြာမှာ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းကို တွေ့ရစဉ်
အဲဗာတန်နဲ့ ဘန်လေအသင်း နည်းပြဟောင်း ရှောင်ဒိုက်ဟာ ဒီရာသီ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ တတိယမြောက် နည်းပြဖြစ်လာခဲ့ပြီး အသင်းကို ၂ ရက်အကြာ ကိုင်တွယ်အပြီးမှာ နိုင်ပွဲရယူပေးနိုင်ခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ဒီနိုင်ပွဲဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ဥရောပ နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှောင်ဒိုက်ကတော့ ဒီနိုင်ပွဲဟာ အသင်းနဲ့ ပတ်သက်တဲ့ သူတိုင်းအတွက် ကျေနပ်စရာ ကောင်းခဲ့ပေမယ့် ခြေလှမ်း တစ်ခုသာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းဆင်းဇုန် အဆင့် ၁၈ နေရာ ရပ်တည်နေပြီး လာမယ့် လိဂ်ပွဲစဉ်အဖြစ် အဆင့် ၄ နေရာ ရပ်တည်နေတဲ့ ဘုန်းမောက်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
