CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၉

နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြ နူနိုဆန်းတို့စ်က ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်က ရမှတ် လျှော့ခံထားရတာကို မေ့ပစ်ဖို့နဲ့ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ကိုသာ အာရုံစိုက်ဖို့ ပြောခဲ့ပါတယ်။

နူနိုဆန်းတို့စ်က “ကျနော်တို့ဟာ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်သွားမှာပါ။ ကျနော်တို့လုပ်ရမယ့်အရာက ကွင်းထဲမှာပဲရှိပါတယ်။ ဒါကြောင့် အရာအားလုံးကို မေ့ပစ်ပြီး ကိုယ့်လုပ်စရာရှိတာကို အာရုံစိုက်ကာ ဒီအခြေအနေ ကနေ ရုန်းထွက်ရမှာပါ”လို့ ပြောပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ရမှတ် ၄ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရမှတ်လျှော့ ပြစ်ဒဏ်ကြောင့် အဆင့် ၁၇ နေရာက လူတန်အသင်းနဲ့ ၁ မှတ် အကွာ တန်းဆင်းဇုန်အဆင့် ၁၈ နေရာကို ရောက်ရှိသွားခဲ့တာပါ။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရမှတ်လျှော့ ပြစ်ဒဏ်ချမှတ်တဲ့အပေါ် အယူခံဝင်ထားတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းကို တွေ့ရစဉ်

ပရီးမီးယားလိဂ်ဟာ နော်တင်ဟမ်ဖောရက်စ်မတိုင်ခင် အဲဗာတန်အသင်းကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက် မှုကြောင့် ရမှတ် ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ 

ဒါပေမယ့် အဲဗာတန်အသင်းဟာ ဒီပြစ်ဒဏ်အပေါ် အယူခံဝင်ပြီးနောက် ရမှတ် ၆ မှတ်သာ လျှော့ခံခဲ့ရတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရမှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် မတ်လ ၃၀ ရက်မှာ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

နူနိုဆန်းတို့စ်က “ဒါက ကျနော်တို့ရဲ့ လက်ထဲမှာရှိပြီး ဒီအခြေအနေတွေကို ပြောင်းပြန်လှန်ဖို့ကလည်း ကျနော်တို့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါက ကွင်းထဲမှာ အမှတ်ရယူဖို့ဖြစ်ပြီး စနေနေ့မှာ ကျနော်တို့ ကြိုးစားသွားမှာပါ။ ကျနော်တို့ အတူလက်တွဲပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေက ကြီးမားတဲ့အရာ ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ ဟာ စနေနေ့က စတင်ပြီး ပွဲတွေကို အနိုင်ရရှိအောင် ကစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ စပါး၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အဲဗာတန် အသင်းတို့နဲ့ တွေ့ဆုံမယ့်ပွဲစဉ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။ 

Source: BBC