CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းကို ကိုင်တွယ်တာ ၂၁ လကြာရှိပြီဖြစ်တဲ့ ပေါ်တူဂီလူမျိုးနည်းပြ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ 

နူနိုဆန်တိုက သူနဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင် မာရီနာကစ်တို့ရဲ့ ဆက်ဆံရေးဟာ အလွန်ဆိုးရွား တယ်လို့ လူသိရှင်ကြား ပြောပြီးကတည်းက သူ့ရဲ့နည်းပြရာထူးဟာ လှုပ်ခတ်မှုတွေရှိခဲ့တာပါ။

အခုအချိန်မှာတော့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲသာ ကစားအပြီးမှာ နည်းပြနူနိုဆန်တိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နူနိုဆန်တိုရဲ့ နေရာမှာ အစားထိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး စပါးအသင်း နည်းပြဟောင်း ပိုစတီကိုဂလူးဟာ နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ ရေပန်းစားနေတာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်းကို တွေ့ရစဉ်

အသက် ၅၁ နှစ်အရွယ်ရှိ နူနိုဆန်တိုဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှာ နည်းပြသစ် အဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာနဲ့ ရာသီအဆုံးသတ် ခဲ့ပြီး နှစ်ပေါင်း ၃၀ အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ 

နူနိုဆန်တိုဟာ အသင်းကို ဥရောပဝင်ခွင့်ရအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ပြီးခဲ့တဲ့ဇွန်လက သူ့ကို ၃ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် နည်းပြနူနိုဆန်တိုဟာ အသင်းပိုင်ရှင်နဲ့ အဆင်မပြေခဲ့သလို အသင်းဟာလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေး နိမ့်ခဲ့တာပါ။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ စက်တင်ဘာ ၁၃ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC