CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် ဂိုးရှေ့မှာ ပိုပြီး ရက်စက်ဖို့လိုတယ်လို့ နည်းပြအာမိုရင်က ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ၁၆ သင်းအဆင့် ပထမ အကျော့ပွဲအပြီးမှာ ကစားသမားတွေကို ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်တို့ဟာ အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် တခါတရံ မျှော်လင့်ထားတဲ့ ဂိုးတွေကို မမြင်တွေ့ ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ ကန်သွင်းနိုင်ခြင်းမရှိလို့ပါ။ ကျနော်တို့ဟာ အကူးအပြောင်းတွေ၊ အခြေအနေတွေရှိပေမယ့် သွင်းဂိုးတွေ ပျောက်ဆုံးနေပါတယ်။ ခြားနားမှုတစ်ခုကို ဖန်တီးပေးနိုင်ဖို့ သွင်းဂိုးတွေ လိုအပ်တဲ့ ဒီလိုပွဲမျိုးတွေမှာတော့ ဒါက တစ်ခုခုကို ပြောင်းလဲပေးနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဇက်ခ်ဇီရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အိုယာဇာဘယ်လ်ရဲ့ ပင်နယ်တီချေပဂိုး ကြောင့် ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အနိုင်ဂိုးရယူနိုင်ဖို့ လုံလောက်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိတာပါ။
ဒီပွဲစဉ်မှာ နောက်ခံလူ ဒါလော့ဟာ တိုက်စစ်မှူး ဟော့ဂျ်လန်းကို ဖြတ်တင်ဘောပေးပြီး သွင်းဂိုး ရယူနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် အနောက်ကိုသာ ပြန်ပေးခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် နစ်နာခဲ့သလို တောင်ပံကစားသမား ဂါနာချိုကလည်း အခွင့်အရေးတွေကို လွဲချော်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဟော့ဂျ်လန်းဟာ ဆိုစီဒက်အသင်းနဲ့ပွဲ အပါအဝင် ယူနိုက်တက်အသင်းအတွက် ၁၉ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရပေမယ့် နည်းပြအာမိုရင်က သူ့ကစားသမားရဲ့ အလားအလာနဲ့ ပတ်သက်ပြီး အကောင်းမြင်မှုတွေရှိနေတာပါ။
ဒါအပြင် နည်းပြအာမိုရင်က ယူနိုက်တက်ကစားသမားတွေဟာ ဂိုးတွေသွင်းပြီး ပွဲကို အနိုင်ရချင်နေပေမယ့် အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်နိုင်ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲသရေ ရလဒ်ကြောင့် ကွာတားဖိုင်နယ် တက်နိုင်ဖို့ဆိုရင် ဒုတိယအကျော့အဖြစ် ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ ဆိုစီဒက်အသင်းကို အနိုင်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN