CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀

ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် သူ့ရဲ့အသင်းဟာ ကလပ်သမိုင်းမှာ အဆိုးရွားဆုံးအသင်း ဖြစ်နိုင်တယ်လို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။

အာမိုရင်က “ပြီးခဲ့တဲ့ နည်းပြထက်ပိုပြီးရှုံးတဲ့ နည်းပြအသစ်ကို ကျနော်တို့ ရရှိနေပါပြီ။ ဒါကို ကျနော် အပြည့်အဝ သိပေမယ့် ကျနော်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ အောင်မြင်မှု ရရှိနိုင်တယ်ဆိုတာ သိပေ မယ့် လက်ရှိ အခိုက်အတန့်ကို ရှင်သန်နေဖို့လိုပါတယ်။ ကျနော်ဟာ နုံအတဲ့သူ မဟုတ်ပါဘူး။ ကျ
နော်တို့ဟာ ယူနိုက်တက်သမိုင်းမှာ အဆိုးရွားဆုံးအသင်းဖြစ်နိုင်တယ်”လို့ ပြောခဲ့တာပါ။ 

ပေါ်တူဂီလူမျိုး နည်းပြအာမိုရင်ဟာ ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ပြီးကတည်းက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်းရှုံးပွဲ ၄ ပွဲအထိ ကြုံတွေ့ထားသလို သူကိုင်တွယ်ခဲ့တဲ့ လိဂ်ပွဲပေါင်း ၁၁ ပွဲမှာ ရမှတ် ၁၁ မှတ်သာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့ပြီး အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကန်သွင်းတဲ့ တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ ပွဲတွေမှာ ရလဒ်ကောင်းနဲ့ စွမ်းဆောင်ရည် ကောင်းကို ပြသနိုင်ခဲ့ပေမယ့် ဆောက်သမ်တန် အသင်းနဲ့ပွဲစဉ်မှာ နောက်ကျ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့ပြီး အခု ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အာမိုရင်နဲ့ ယူနိုက်တက်အသင်းကစားသမားများကို တွေ့ရစဉ်

နည်းပြအာမိုရင်ဟာ ယူနိုက်တက်အသင်းကို ၁၅ ပွဲ ကိုင်တွယ်အပြီးမှာ ရှုံးပွဲ ၇ ပွဲ ကြုံတွေ့ထားတာပါ။ 

ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နေရာနဲ့ ၁၀ မှတ်သာကွာဟတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းမှာရှိတဲ့ လူတိုင်းရဲ့ စွမ်းဆောင်ရည်ဟာ နိမ့်ကျနေပြီး ပွဲ အများအပြား ရှုံးနိမ့်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါအပြင် ယူနိုက်တက်အသင်းဟာ အလွန်ခက်ခဲတဲ့ အခိုက်အတန့်ကို ရောက်ရှိနေပေမယ့် တခြားနည်းလမ်းမရှိဘဲ ရှေ့ဆက်သွားဖို့ပဲ လိုတယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်ကြားရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ရိန်းဂျားစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN