CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၈

ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲနဲ့ နေးရှင်းလိဂ် ပြိုင်ပွဲတွေမှာ အသင်းရလဒ် ဆိုးရွားမှုကြောင့် နည်းပြဖြစ်သူ တီဒက်စ်ကို-ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

တီဒက်စ်ကိုဟာ ထွက်ခွာသွားတဲ့နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဘယ်လ်ဂျီယံအသင်း နည်းပြသစ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ ခန့်အပ်ခြင်းခံခဲ့ရတာပါ။

တီဒက်စ်ကိုဟာ ဘယ်လ်ဂျီယံအသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့ပေမယ့် ၁၆ သင်းအဆင့်မှာ ပြင်သစ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

ဒါအပြင် ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ တတိယနေရာသာ ရရှိခဲ့လို့ တန်းမဆင်းရဖို့ ပလေး‌အော့ဖ် ယှဉ်ပြိုင်ရမှာပါ။

တီဒက်စ်ကိုဟာ ဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်ချိန်အတွင်း ရီးရယ်လ်အသင်း ဂိုးသမား ကော့တွိုက်စ်နဲ့ အဆင်မပြေမှုတွေရှိခဲ့ပြီး ကော့တွိုက်စ်က သူ့ရဲ့လက်အောက်မှာ နိုင်ငံအသင်းအတွက် ကစားပေးမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

တီဒက်စ်ကိုကတော့ ဘယ်လ်ဂျီယံအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ရတာကို အမြဲတမ်းဂုဏ်ယူပြီး အသင်း အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးကြောင်း ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ တီဒက်စ်ကိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေပြီး အသင်းကို လက်ထောက်နည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ အွန်နရီဟာ နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ မတ်လထဲမှာ နေးရှင်းလိဂ် ပလေးအော့ဖ်ပွဲအဖြစ် ယူကရိန်းအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇွန်ထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: besoccer