CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၇

စပါးအသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အယ်လ်ခမာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ရာသီရဲ့အကြီးမားဆုံး ပွဲမတိုင်ခင်မှာ အသင်းနိုးထဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ဆွန်ဟောင်မင်က “ကျနော် အပါအဝင် ကျနော်တို့ရဲ့ ဒီလိုမျိုးစွမ်းဆောင်မှုက အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်။ လာမယ့်အပတ်ဟာ ရာသီရဲ့ အကြီးမားဆုံးပွဲ ဖြစ်တဲ့အတွက် ကြီးမားတဲ့နှိုးထမှု ဖြစ်ဖို့လိုပါတယ်။ ဒီပွဲမှာ လူတိုင်း ဟာ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ အသင်းလိုက် စွမ်းဆောင်ရည်အတွက် အလွန်စိတ်ပျက်နေကြပါတယ်။ ကျနော် တို့ဟာ လုံလောက်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် အကြောင်းပြချက် မရှိပါဘူး။ ပွဲမပြီးသေးတာကြောင့် လာမယ့် အပတ်မှာ ကျနော်တို့ အများကြီး ပိုကောင်းအောင်လုပ်ရမှာပါ”လို့ TNT Sports ကိုပြောခဲ့တာပါ။ 

စပါးအသင်းဟာ ဒီပွဲမှာ အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့ပါတယ်။

အိမ်ရှင်အယ်လ်ခမာအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၅ ကြိမ်အထိ ရှိခဲ့တာပါ။ 

စပါးအသင်းဟာ ၁ ဂိုး-ဂိုးမရှိနဲ့သာ အရေးနိမ့်ခဲ့တဲ့အတွက် ဒုတိယအကျော့အဖြစ် ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

စပါးအသင်းကို တွေ့ရစဉ်

အဲဒါကြောင့် ဆွန်ဟောင်မင်က ဒုတိယအကျော့ ပွဲမတိုင်ခင်မှာ အသင်းသားတွေကို နှိုးထဖို့ ပြောခဲ့တာပါ။ 

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အသင်းဟာ လိုအပ်တဲ့အဆင့်နဲ့ နီးစပ်မှုမရှိခဲ့ဘဲ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယအကျော့ ကစားဖို့ရှိသေးတဲ့အတွက် အခွင့်အရေးရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ 

ဒူးဒဏ်ရာကြောင့် ၇ ပတ်ကြာ အနားယူခဲ့ရပြီး ဒီပွဲစဉ်မှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့ နေရာမှာ လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး ဆိုလန်ကီဟာ ဒဏ်ရာထပ်ပြီး ရရှိသွားခဲ့တာပါ။ 

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဆိုလန်ကီရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC