CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၉

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကစားသမား အရေအတွက်တိုးပြီး ခေါ်ဆောင်ခွင့်ပြုဖို့ အသင်းကြီးတွေက အဆိုပြုခဲ့ပြီး နောက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဒီအချက်ကို စဉ်းစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အသင်းတွေကို ကစားသမား ၂၃ ဦးကနေ ၂၆ ဦး အထိ ခေါ်ဆောင်ခွင့်ပြုဖို့ ပြီးခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲတွေအပြီးမှာ ပြောခဲ့တာပါ။ 

အဲဒါကြောင့် UEFA က ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကစားသမား အရေအတွက်တိုးဖို့ ပြောခဲ့တဲ့ နည်းပြအချို့ရဲ့ မှတ်ချက် တွေကို မှတ်ထားပြီး ဧပြီ ၈ ရက်မှာ ပြုလုပ်မယ့် ဆွေးနွေးမှုမှာ နည်းပြတွေရဲ့ အမြင်တွေကို နားထောင်သွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားသမား ၂၃ ဦးသာ ရွေးချယ် နိုင်တာက အဓိပ္ပါယ်မဲ့ပြီး ဒါကို သူလက်ခံသွားမှာ မဟုတ်သလို UEFA ကို ခေါင်းမမာဖို့ ပြောသွားခဲ့တာပါ။ 

ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ကစားသမားတွေဟာ ဒဏ်ရာတွေကြောင့် မပါဝင်နိုင်ခဲ့သလို ပြိုင်ဆိုင်မှု ပိုပြင်းထန်မယ့် ရာသီသိမ်း ကာလတွေမှာ ကစားသမားတွေကို ကြံ့ခိုင်မှုမပြည့်ဝဘဲ ရွေးချယ်ရမှာကို နိုင်ငံအသင်းနည်းပြတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ယူရိုဖလားကို တွေ့ရစဉ်

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အသင်းတစ်သင်းကို ကစားသမား ၂၆ ဦးအထိ ခေါ်ဆောင်ဖို့ ခွင့်ပြုခဲ့ပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ ကိုဗစ်မတိုင်ခင်က ပုံစံအတိုင်း ကစားသမား ၂၃ ဦးသာ ခေါ်ဆောင်ဖို့ UEFA က အတည်ပြုခဲ့တာပါ။ 

အဲဒါတွေကြောင့်လည်း နည်းပြတွေဟာ သူတို့ရဲ့ စိုးရိမ်မှုတွေကို ပြောလာခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက်မှာ စတင်မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် နိုင်ငံအသင်းတွေဟာ UEFA ထံ ဇွန်လ ၇ ရက် နောက်ဆုံးထားပြီး လူစာရင်း တင်သွင်းရမှာပါ။ 

ပြီးခဲ့တဲ့ ဇန်နဝါရီက ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲမှာ အာရှဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံအသင်းတွေကို ကစားသမား ၂၃ ဦးကနေ ၂၆ ဦးအထိ လူစာရင်းထဲ ခေါ်ဆောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ 

ဒါအပြင် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာလည်း ပြိုင်ပွဲဝင်နိုင်ငံ အသင်းတွေဟာ ကစားသမား ၂၇ ဦးအထိ ခေါ်ဆောင်ခွင့် ပြုခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

Source: Dailymail