CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
ဘီဆစ်တက်စ်နဲ့ မက္ကာဘီတယ်လ်အဗစ်အသင်းတို့ ယှဉ်ပြိုင်မယ့် ယူရိုပါလိဂ်ပွဲစဉ်ကို တူရကီအာဏာပိုင်တွေက ပိတ်ပင်ခဲ့တာကြောင့် ကြားနေနိုင်ငံတစ်ခုမှာ ကစားရတော့မှာ ဖြစ်ပါတယ်။
ဘီဆစ်တက်စ်အသင်းဟာ နိုဝင်ဘာ ၂၈ ရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် မက္ကာဘီတဲလ်အဗစ်အသင်းကို အိမ်ကွင်း လက်ခံ ယှဉ်ပြိုင်ရမှာပါ။
ဒါပေမယ့် တူရကီနဲ့ အစ္စရေးတို့အကြားမှာ တင်းမာမှုတွေ ဆက်ပြီး မြင့်တက်နေတာကြောင့် ဒီပွဲကို နိုင်ငံအတွင်း မှာ ကစားခွင့်မပြုဖို့ တူရကီအာဏာပိုင်တွေက တရားဝင်ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
ဘီဆစ်တက်စ်အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရန်စတဲ့ လုပ်ရပ်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဒီပွဲကို နေရာ ပြောင်းပြီး ကျင်းပမယ်လို့ ဖော်ပြထားတာပါ။
ဒါအပြင် ဘီဆစ်တက်စ်အသင်းက ဒီပွဲကစားမယ့် ကြားနေနိုင်ငံနဲ့ ပတ်သက်ပြီး ကလပ်အသင်းနဲ့ UEFA တို့အကြား ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။

ဘီဆစ်တက်စ်အသင်းနဲ့ မက္ကာဘီတယ်လ်အဗစ်အသင်း တံဆိပ်ကို တွေ့ရစဉ်
UEFA ကလည်း ဘီဆစ်တက်စ်အသင်းနဲ့ မက္ကာဘီတယ်လ်အဗစ်အသင်းတို့ရဲ့ပွဲကို ကြားနေနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပြီး ကျင်းပမယ့် နေရာကို ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာထားပါတယ်။
ပွဲကျင်းပမယ့် နေရာကို မဆုံးဖြတ်ရသေးတဲ့အတွက် ပရိသတ်တွေ ကြည့်ရှုနိုင်မယ့် အခြေအနေအပေါ်လည်း ဆုံးဖြတ်ချက် မချရသေးပါဘူး။
၂ သင်းစလုံးဟာ ယူရိုပါလိဂ်ပွဲစဉ် ၃ ပွဲ ကစားထားအပြီးမှာ ဘီဆစ်တက်စ်အသင်းက ရမှတ် ၃ မှတ်နဲ့ အဆင့် ၂၇ နေရာမှာ ရပ်တည်နေပြီး မက္ကာဘီတယ်လ်အဗစ်အသင်းက နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ အဆင့် ၃၄ နေရာမှာ ရပ်တည်နေတာပါ။
ဒီ ၂ သင်းဟာ ဒီတစ်ပတ်ထဲမှာ ပွဲစဉ် ၄ အဖြစ် ဘီဆစ်တက်စ်အသင်းက မယ်လ်မိုအသင်း၊ မက္ကာဘီတယ်လ်အဗစ် အသင်းက အေဂျက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
 
	    	  	
	    	       
	    
	  	   
		 
			 
                        
