CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူတို့ကို ယူရိုပါလိဂ်ပြိုင်ပွဲကနေ ကွန်းဖရန့်လိဂ်ပြိုင်ပွဲထံ ဆင်းပြီးကစားဖို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ဆုံးဖြတ်ချက်ကို အားကစားဆိုင်ရာခုံရုံးထံ အယူခံဝင်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပိုင်ရှင်တစ်ဦးတည်းက ကလပ်အသင်း အများအပြားကို ပိုင်ဆိုင်တဲ့ စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး UEFA ရဲ့ အရေးယူမှုကို ခံခဲ့ရတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အစုရှယ်ယာ ပိုင်ဆိုင်ထားတဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ဂျွန်တက်စ်တာဟာ ယူရိုပါလိဂ် ဝင်ခွင့်ရရှိထားတဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှာ အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားတာကြောင့် အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားတာပါ။
ဒါပေမယ့် UEFA က သူတို့ကို ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဆင်းပြီးကစားဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် တရားမျှတမှု မရှိဘူးလို့ ယူဆတာကြောင့် အားကစားဆိုင်ရာခုံရုံးထံ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း ပရိသတ်တွေဟာ UEFA ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့ ကြတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းကို တွေ့ရစဉ်
UEFA ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နေရာမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာ ရခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ယူရိုပါလိဂ်ဝင် ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အယူခံဝင်မှုမှာ UEFA ဘဏ္ဍာရေး ထိန်းချုပ်မှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့နဲ့ နော်တင်ဟမ်ဖောရက်စ် ဒါမှမဟုတ် လိုင်ယွန်အသင်းအစား သူတို့ကို ယူရိုပါလိဂ်ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။
အားကစားဆိုင်ရာခုံရုံးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အယူခံဝင်မှုကို သြဂုတ် ၁၁ ရက်မတိုင်မီ ဆုံးဖြတ်ချက် ချလာဖွယ် ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ သူတို့ရဲ့ အယူခံဝင်မှုအောင်မြင်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: BBC