CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ယူနိုက်တက်အသင်းဟာ ဗစ်တိုးရီးယားပယ်လ်ဇန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အာမိုရင်က အခုအချိန်မှာ နိုင်ပွဲရယူနိုင်ဖို့က အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ပွဲကစားချိန်အတွင်းမှာ ကျနော်တို့ တိုးတက်မှုတွေရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ ပေမယ့် အခွင့်အရေးကောင်းတွေတော့ မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ကျနော်တို့ဟာ ဂိုးပေးခဲ့ရပေမယ့် ကောင်းမွန်စွာ တုန့်ပြန်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ပြိုင်ဘက်အသင်းကို ဖိအားပေးပြီး ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ နိုင်ပွဲက အရေးကြီးပြီး နောက်ပွဲအတွက် ပြင်ဆင်ရတာ ကောင်းပါတယ်”လို့ TNT Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဂိုးသမား အိုနာနာရဲ့ အမှားကနေ ချက်ကလပ်ကို ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် တိုက်စစ်မှူး ဟော့ဂျ်လန်းရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ တာပါ။
ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီ ယူရိုပါလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း အောင်ပွဲခံနေစဉ်
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားမယ့် ၂ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် နောက်တဆင့်ကို တိုက်ရိုက် တက်နိုင်မှာပါ။
ဒီပွဲအပြီးမှာ ယူနိုက်တက်အသင်း ကစားသမားတွေဖြစ်တဲ့ ဟော့ဂျ်လန်းနဲ့ အာမတ်တို့ဟာ တင်းမာမှုတွေရှိခဲ့ကြပြီး နည်းပြအာမိုရင်က ဒီလိုမြင်တွေ့ရတာဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော့်အတွက်တော့ ဒီလိုမြင်တွေ့ရတာဟာ ပြီးပြည့်စုံပါတယ်။ ဒီလိုအခိုက်အတန့်မှာ ကျနော်တို့ တစ်ခုခုခံစားရမှာပါ။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်ရင် ဒါဟာမိသားစုလိုပါပဲ။ ကျနော့်အတွက်တော့ ဒါဟာ အလွန် ကောင်းတဲ့ လက္ခဏာပါ”လို့ ပြောခဲ့တာပါ။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA