CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃

အင်္ဂလန်အသင်းဟာ ၂၀၂၅ အမျိုးသမီး ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီတလီအသင်းကို အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် နည်းပြဝီဂ်မန်းက သူတို့ရဲ့ ဗိုလ်လုပွဲ တက်နိုင်မှုက ရုပ်ရှင်နဲ့တူတယ် လို့ ပြောခဲ့ပါတယ်။

ဝီဂ်မန်းက “ဒါက ရုပ်ရှင်လိုဖြစ်ပြီး မယုံနိုင်စရာ ကောင်းပါတယ်။ ဗိုလ်လုပွဲ ထပ်ပြီး ရောက်ရှိခဲ့တဲ့အတွက် အလွန် ထူးခြားပါတယ်။ ဒီလိုပွဲပြီးဆုံးသွားတဲ့အတွက် ပျော်ရွှင်ရပေမယ့် အနည်းငယ်တော့ ဒရာမာဆန်ဖို့ ကောင်းပါတယ်။ ဒီပွဲမှာ အသင်းဟာ ကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေ အချို့လည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ် ရမယ့် ထိချက်တွေက ပျောက်ဆုံးနေခဲ့တဲ့အတွက် ဒါကို စောင့်ဆိုင်းခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ယူရိုဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီတလီအသင်းကို ပွဲချိန်မိနစ် ၉၀ ပြည့်ပြီးတဲ့အထိ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် နာကျင်အချိန်ပို ၅ မိနစ်မှာ အက်ဂ်ယီမန်က အဖိုးတန်ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။ 

အဲဒါကြောင့် တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ 

အချိန်ပိုပွဲပြီးခါနီးမှာ အင်္ဂလန်အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပြီး ကယ်လီရဲ့ ကန်သွင်းမှုကို အီတလီအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ကယ်လီက ထပ်ပြီးပိတ်သွင်းယူခဲ့တာပါ။

အဲဒါကြောင့် အင်္ဂလန်အသင်းဟာ အီတလီအသင်းကို အနိုင်ရရှိပြီး ၂၀၂၅ အမျိုးသမီး ယူရိုပြိုင်ပွဲဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်နဲ့ အီတလီ ယှဉ်ပြိုင်နေစဉ်

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်သလို အဓိကပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ၃ ကြိမ် ဆက်တိုက် တက်နိုင်ခဲ့တာပါ။ 

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း ပြိုင်ပွဲကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့ ပေမယ့် ဆီမီးဖိုင်နယ် တက်နိုင်ခဲ့သလို အီတလီအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပွဲပြီးခါနီးမှ ချေပဂိုး ရရှိခဲ့ တာကြောင့် ကံကောင်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း နည်းပြဝီဂ်မန်းက အင်္ဂလန်အသင်းရဲ့ ယူရိုဗိုလ်လုပွဲ တက်နိုင်မှုဟာ မယုံနိုင်စရာဖြစ်ပြီး ရုပ်ရှင်နဲ့ တူတယ်လို့ ပြောခဲ့တာပါ။

အီတလီအသင်းနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တဲ့ အက်ဂ်ယီမန်ဟာ အသင်းရဲ့ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့် မရသေးပေမယ့် ပြီးခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ပွဲစဉ်မှာလည်း လူစားဝင်ပြီး ချေပဂိုး သွင်းယူခဲ့ ပါတယ်။ 

အင်္ဂလန်အသင်း နည်းပြ ဝီဂ်မန်းက အက်ဂ်ယီမန်ကို ချီးကျူးခဲ့ပြီး သူမမှာ အလွန်တောက်ပတဲ့ အနာဂတ်ရှိတယ် လို့ ပြောခဲ့ပါတယ်။

အီတလီအသင်းနည်းပြ ဆွန်စင်က ပွဲပြီးဖို့ ၁ မိနစ်လောက် အလိုမှာ ယူရိုဗိုလ်လုပွဲ တက်ခွင့်ကို လက်လွှတ် ခဲ့ရတဲ့အတွက် နာကျင်ပေမယ့် သူတို့လုပ်နိုင်ခဲ့တဲ့ အရာအတွက် ဂုဏ်ယူရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

Source: ESPN