CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈

အင်္ဂလန်အသင်းဟာ ၂၀၂၅ အမျိုးသမီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၂ ကြိမ်ဆက် ရရှိသွားခဲ့ပါတယ်။ 

ဒီပွဲစဉ်ရဲ့ ပွဲချိန်အတွင်းမှာ ၁ ဂိုးစီ သရေကျခဲ့လို့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရပေမယ့် ၂ သင်းစလုံးဟာ အနိုင်ဂိုး မသွင်းယူနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။

ပင်နယ်တီမှာ အင်္ဂလန်အသင်း ဂိုးသမား ဟမ်တန် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး ကယ်လီက ချန်ပီယံဖြစ်စေမယ့် အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အင်္ဂလန်အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ စပိန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၅ အမျိုးသမီး ယူရိုချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ယူရိုချန်ပီယံဆုကို ဆက်ထိန်းသိမ်းနိုင်ခဲ့သလို ၂၀၂၃ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ရှုံးကြွေးကိုလည်း ဒီပွဲမှာ ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စပိန်အသင်းအတွက်တော့ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့ပြီး အင်္ဂလန်အသင်းကို ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ရတာပါ။ 

စပိန်နဲ့အင်္ဂလန်အသင်း ယှဉ်ပြိုင်နေစဉ် 

အင်္ဂလန်အသင်းနည်းပြ ဝီဂ်မန်းက ဥရောပချန်ပီယံ ထပ်ပြီးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တစ်သင်းလုံးကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် လူစားဝင်အဖြစ် ဝင်ရောက်ပြီး အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ကယ်လီက သူမကို ယုံကြည်မှုတွေ အပြည့်ပေးခဲ့တဲ့ နည်းပြဝီဂ်မန်းကို အလွန်ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ 

ပင်နယ်တီ အဆုံးအဖြတ်မှာ စပိန်အသင်းအတွက် ပင်နယ်တီဝင်အောင် မသွင်းနိုင်ခဲ့တဲ့ ဘွန်မာတီက တောင်းပန် ကြောင်း ပြောခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်အသင်းကို ဂုဏ်ပြုခဲ့ပါတယ်။

၂၀၂၅ အမျိုးသမီး ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဆုကို စပိန်အသင်းက အီစသာဂွန်ဇာလက်ဇ်က ၄ ဂိုးနဲ့ ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို စပိန်အသင်းက ဘွန်မာတီနဲ့ အကောင်းဆုံး လူငယ်ကစားသမား ဆုကို အင်္ဂလန်အသင်းက အက်ဂ်ယီမန်းက ရရှိသွားခဲ့ပါတယ်။ 

Source: ESPN