အီဇီရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အာဆင်နယ် ပစ်မှတ်ထား
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်အသင်းကြယ်ပွင့် အီဇီရဲ့အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းကို FA ဖလားချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အီဇီဟာ ဥရောပထိပ်သီး ကလပ်အချို့ရဲ့ ပစ်မှတ်ဖြစ်နေပေမယ့် သူကတော့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင် နေတာပါ။
အင်္ဂလန်လက်ရွေးစင် ကစားသမားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အပြောင်းအရွှေ့ မပိတ်မီမှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အီဇီရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်း ပါဝင်နေပေမယ့် အာဆင်နယ်အသင်းဟာ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အီဇီကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဆုဖလားတွေနဲ့ ဝေးကွာခဲ့ပြီးနောက် ရာသီသစ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ ကစားသမား သစ်တွေ အများအပြား အားဖြည့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဇူဘီမန်ဒီ၊ ကယ်ပါ၊ နော်ဂတ်၊ မိုစကွီယာ၊ မာဒူကီနဲ့ ယိုကီရက်စ်တို့ကို ခေါ်ယူထားတာပါ။
ချယ်လ်ဆီးအသင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ထားလို့ အနားယူနေတဲ့ မာဒူကီဟာ အနားယူချိန်ကို လျှော့ပြီး လာမယ့် ရက်ပိုင်းအတွင်း အာဆင်နယ်အသင်းနဲ့ ပူးပေါင်းဖို့ရှိနေပါတယ်။
တိုက်စစ်မှူးသစ် ယိုကီရက်စ်လည်း အာဆင်နယ်အသင်းရဲ့ အာရှရာသီကြိုခရီးစဉ်ကို လာရောက် ပူးပေါင်းဖို့ ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ဇူလိုင် ၂၇ ရက် စင်္ကာပူမှာ နယူးကာဆယ်၊ ဇူလိုင် ၃၁ ရက် ဟောင်ကောင်မှာ စပါးအသင်း တို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Metro