CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ 

နွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ယိုကီရက်စ်ဟာ အာဆင်နယ်အသင်းအတွက် ၁၈ ပွဲမှာ ၆ ဂိုးသာ သွင်းယူထားနိုင်ပေမယ့် နည်းပြအာတီတာက သူ့အတွက် သွင်းဂိုးတွေ မကြာမီ ရောက်ရှိလာမယ်လို့ ပြောခဲ့ပါတယ်။ 

အာတီတာက “ဒဏ်ရာမရခင်မှာ ယိုကီရက်စ်ဟာ အလွန်ကောင်းမွန်တဲ့ နေရာမှာ ရှိနေခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ သူဟာ ရာသီကြိုလေ့ကျင့်မှုတွေ မရှိခဲ့ပါဘူး။ အခုသူဟာ ပြန်လည် စတင်နေပြီး အရှိန်အဟုန် အချို့လည်း ပြန်ရနေပါပြီ။ သွင်းဂိုးတွေ မကြာမီ လာတော့မှာဖြစ်ပြီး ကျနော်တို့ဟာ သူ့ကြောင့် အလွန် ကျေနပ် ရမှာပါ”လို့ ပြောခဲ့တာပါ။ 

ယိုကီရက်စ်ဟာ ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ္စဘွန်းအသင်းအတွက် ၅၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပေါင် ၆၄ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာအပြီးမှာ ဂိုးသွင်းစွမ်းရည်တွေ ကျဆင်းနေပြီး စက်တင်ဘာလကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် အသင်းအတွက် ယိုကီရက်စ်ရဲ့ သွင်းဂိုးတွေလိုအပ်လာပြီ ဖြစ်ပါတယ်။ 

ယိုကီရက်စ်ကို တွေ့ရစဉ်

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ် ကြံ့ခိုင်မှုပြည့်ဝပြီး အသင်းအတွက် ပြန်ပါဝင် ကစားနိုင်ခဲ့တာက နည်းပြအာတီတာအတွက် တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာရှိလာခဲ့တာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဂျီးဆပ်စ်ရဲ့ အရည်အသွေးကို သူတို့သိပြီး သူဟာ အသင်းရဲ့ ပွဲထွက် လူစာရင်းထဲပါဝင်ဖို့ တွန်းအားပေးမယ့်သူလို့ ပြောခဲ့ပါတယ်။ 

အာတီတာက အက်စတွန်ဗီလာအသင်းနဲ့ပွဲက ရှုံးနိမ့်မှုကို ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရယူပြီး တုန့်ပြန် ရမယ်ဆိုတာ ကစားသမားတွေ အားလုံး နားလည်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ၂ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source:CNA