CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃
ဂျီရိုနာအသင်းနည်းပြ မီချဲလ်က အငှားနဲ့ခေါ်ယူထားတဲ့ ဂိုးသမား လီဗာကိုဗစ်ဟာ ကမ္ဘာ့ဖလားမှာ ခရိုအေးရှား အသင်းအတွက် ကစားခွင့်ရဖို့ နောက်ထပ် အသင်းသစ်ကို ရှာဖွေနေတာကြောင့် အသင်းအတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မီချဲလ်က “လီဗာကိုဗစ်ဟာ ကမ္ဘာ့ဖလား ကစားချင်နေပြီး ဂျီရိုနာအသင်းအတွက် မဟုတ်ပါဘူး။ ဒါကို သူကိုယ်တိုင် ကျနော့်ကို ပြောခဲ့တာဖြစ်ပြီး သူက ရိုးသားတဲ့သူပါ။ သူဟာ ဒီမှာမနေချင်ဘဲ တခြားအသင်းအတွက် ကစားချင် တယ် ဆိုတာလည်း ကျနော့်ကို ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုရင် သူဟာ ဂျီရိုနာအသင်းမှာ ကစားရင် တခြား အသင်းအတွက် ကစားပေးနိုင်မှာမဟုတ်လို့ပါ”လို့ ပြောခဲ့ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်း လူစာရင်းထဲ ပါဝင်ခဲ့တဲ့ လီဗာကိုဗစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာမှာ ဖီနာဘာချီအသင်းကနေ ဂျီရိုနာအသင်းထံ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ လီဗာကိုဗစ်ဟာ ဒီရာသီမှာ ဖီနာဘာချီအသင်းအတွက် ၂ ပွဲ ပါဝင်ကစားထားပေမယ့် ဂျီရိုနာအသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးပါဘူး။

လီဗာကိုဗစ်ကို တွေ့ရစဉ်
ဖီဖာရဲ့ စည်းမျဉ်းတွေအရ ကစားသမားတစ်ဦးဟာ တစ်ရာသီအတွင်း ကလပ်အသင်း ၃ သင်းမှာ စာရင်းသွင်း မှတ်ပုံတင်နိုင်ပေမယ့် ၂ သင်းသာ ကစားနိုင်တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လီဗာကိုဗစ်ဟာ နောက်ထပ် အသင်းတစ်သင်းထံ ပြောင်းရွှေ့နိုင်ဖို့ ဂျီရိုနာအသင်းအတွက် ပါဝင် ကစားဖို့ ဆန္ဒမရှိတာပါ။
ဂျီရိုနာအသင်းနည်းပြ မီချဲလ်က ပြီးခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ လီဗာကိုဗစ်ဟာ အသင်းအတွက်ကစားပေးဖို့ ငြင်းဆန်ခဲ့လို့ ဂိုးသမားဂါဇာနီဂါဟာ ဖျားနေရင်းနဲ့ ကစားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ဂျီရိုနာအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆိုစီဒက် အသင်းကို အနိုင်ရရှိခဲ့ပါတယ်။
Source: CNA
