CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄

ပေါ်တူဂီအသင်းက အိုင်ယာလန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြသ ခံခဲ့ရတဲ့ တိုက်ရိုက် အနီကတ်ကြောင့် ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ 

ရော်နယ်လ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ အိုင်ယာလန်အသင်း နောက်ခံလူ ဒါရာအိုရှီးယားကို တံတောင်နဲ့ တိုက်ခဲ့ တာကြောင့် အဝါကတ် ပြသခြင်းခံခဲ့ရတာပါ။ 

ဒါပေမယ့် VAR ဒိုင်လူကြီးက ဒီအဖြစ်အပျက် ပြန်သုံးသပ်ဖို့ ကွင်းလယ်ဒိုင်လူကြီးကို ပြောခဲ့ပါတယ်။ 

အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်ကြီးဟာ ကွင်းဘေးရှိ မော်နီတာကို သွားရောက်ကြည့်ရှုအပြီးမှာ ရော်နယ်လ်ဒိုကို တိုက်ရိုက် အနီကတ်ပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ရော်နယ်လ်ဒို အတွက်တော့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဘဝ ပွဲပေါင်း ၂၂၆ ပွဲမှာ ပထမဆုံး အနီကတ် ပြသခြင်းခံခဲ့ရတာပါ။

ရော်နယ်လ်ဒိုဟာ ကလပ် ကစားသမားဘဝမှာတော့ အနီကတ် ၁၃ ကြိမ် ပြသခံထားရတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်လ်ဒိုဟာ အနီကတ်ကြောင့် လာမယ့် အာမေးနီးယားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအသင်း အတွက် မပါဝင်နိုင်တော့ပါဘူး။

ပေါ်တူဂီအသင်းဟာ ဒီပွဲအနိုင်ရရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

ဖီဖာစည်းကမ်း ထိန်းသိမ်းရေး စည်းမျဉ်းတွေအရ ပြင်းထန်တဲ့ ပြစ်ဒဏ်ဘော ကျူးလွန်မှုအတွက် အနည်းဆုံး ၂ ပွဲပယ်ခံရမယ်လို့ ဖော်ပြထားပါတယ်။ 

ရော်နယ်လ်ဒိုအနေနဲ့ ၂ ပွဲပယ် ခံရမယ်ဆိုရင် ပေါ်တူဂီအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကိုပါ လွဲချော်မှာပါ။ 

ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်ကတော့ ပွဲအပြီးမှာ ရော်နယ်လ်ဒိုကို ကာကွယ်မှု ပြုလုပ်ခဲ့ပါတယ်။ 

ပေါ်တူဂီအသင်းဟာ အိုင်ယာလန်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဟန်ဂေရီအသင်းကို ၂ မှတ် အသာရထားတာပါ။

အဲ့ဒါကြောင့် ပေါ်တူဂီအသင်းဟာ အာမေးနီးယားအသင်းကို အနိုင်ရရင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။ 

Source: ESPN