CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄
ဗင်နီဇွဲလားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲဟာ အသင်းခေါင်းဆောင် မက်ဆီအတွက် အိမ်ကွင်းမှာ ကစားမယ့် နောက်ဆုံးပြိုင်ပွဲဖြစ်ဖို့ ရှိနေပေမယ့် နည်းပြစကာလိုနီက သူဟာ အနားမယူမီ အာဂျင်တီးနား ပရိသတ်တွေကို အိမ်ကွင်းမှာ ထပ်ပြီးနှုတ်ဆက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
စကာလိုနီက “ဒီပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာဖြစ်သလို စိတ်လှုပ်ရှားဖို့လည်း ကောင်းမှာပါ။ ကျနော်ကတော့ ဒီပွဲဟာ အာဂျင်တီးနားမှာ မက်ဆီရဲ့နောက်ဆုံးပွဲ မဟုတ်ကြောင်း သေချာပါတယ်။ သူကတော့ နောက်ဆုံးပွဲလို့ ဆုံးဖြတ်ခဲ့ရင် ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ သူကသာ ထပ်ပြီး ကစားချင်တယ်ဆိုရင် ကျနော် တို့ ကစားသွားဦးမှာဖြစ်ပြီး ဘာလို့လဲဆိုရင် သူနဲ့ ထိုက်တန်လို့ပါ”လို့ ပြောခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ အနားယူမယ့် အစီအစဉ်ကို ကြေညာခြင်း မရှိသေးပေမယ့် ဗင်နီဇွဲလား အသင်းနဲ့ ပွဲစဉ်ဟာ အိမ်ကွင်းမှာ ကစားမယ့် သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲလို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အတည်ပြုခဲ့ပါတယ်။
မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် နိုင်ငံအသင်းကနေ အနားယူဖွယ်ရှိနေတာပါ။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ ပြန်လည် စတင်မယ့် အချိန်မှာ မက်ဆီဟာ အသက် ၄၀ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီဟာ မက်ဆီရဲ့ အိမ်ကွင်း နောက်ဆုံးပွဲနဲ့ပတ်သက်ပြီး သတင်းထောက် တွေရဲ့ မေးမြန်းခံရချိန်မှာ မျက်ရည်ကျခဲ့ပြီး သူ့ကိုနည်းပြအဖြစ် ကိုင်တွယ်ခွင့် ရခဲ့တဲ့အပေါ်မှာ ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၂၀၀၅ ခုနှစ်မှာ စတင် ပွဲဦးထွက်ခဲ့တဲ့ မက်ဆီဟာ လက်ရှိအချိန်ထိ ၁၉၃ ပွဲ ကစားထားပြီး ၁၁၂ ဂိုးသွင်းယူကာ ကမ္ဘာ့ဖလားချန်ပီယံဆု ၁ ကြိမ်၊ ကိုပါအမေရိကဖလား ၂ ကြိမ် ရယူ ထားတာပါ။
မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန် ခြေစစ်ပွဲ တွေ မပြီးမီမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီဖြစ်ပြီး လက်ကျန် ခြေစစ်ပွဲတွေအဖြစ် ဗင်နီဇွဲလား၊ အီကွေဒေါအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN