CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
ချယ်လ်ဆီးအသင်း ကစားသမား စတာလင်ဟာ လုပ်ခလစာ အများအပြား ရရှိနိုင်မယ့် ဆော်ဒီ၊ တူရကီနဲ့ အမေရိကန်နိုင်ငံက ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး ချယ်လ်ဆီးအသင်းမှာ ဆက်ပြီးရှိနေမှာ ဖြစ်ပါတယ်။
စတာလင်ဟာ ပြီးခဲ့တဲ့ အင်္ဂလန်ရဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာ ဖို့ မျှော်လင့်ခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်း မရှိတာပါ။
ပြည်ပဈေးကွက်တွေဟာ လက်ရှိအချိန်ထိ ဖွင့်ထားဆဲဖြစ်ပေမယ့် စတာလင်ကတော့ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိပြီး ဇန်နဝါရီ ဈေးကွက်ဖွင့်တဲ့အချိန်ထိ စောင့်ဆိုင်းသွားဖို့ ရှိနေပါတယ်။
စတာလင်ဟာ ချယ်လ်ဆီးအသင်းရဲ့ အသင်းကြီး လူစာရင်းကနေ ဖယ်ရှားခံထားရပြီး အသင်းနဲ့ အဝေးမှာ သီးခြား လေ့ကျင့်မှုတွေ ပြုလုပ်နေရတာပါ။
ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာဟာ စတာလင်ကို အသင်းလူစာရင်းထဲ ပြန်လည်ခေါ်ယူဖွယ် မရှိတဲ့ အတွက် သူဟာ ဇန်နဝါရီ ဈေးကွက်ဖွင့်မယ့် နောက်ထပ် ၄ လကြာအထိ သီးခြားလေ့ကျင့်မှု ပြုလုပ်ပြီး ဖြတ်သန်း ရမှာ ဖြစ်ပါတယ်။
စတာလင်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းမှာ အငှားကစားခဲ့တဲ့ စတာလင်ဟာ လန်ဒန်မှာ ဆက်ပြီးရှိချင်တာကြောင့် ဖူလ်ဟမ်၊ ဝက်စ်ဟမ်းအသင်းတွေထံ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တာပါ။
ဒါပေမယ့် ဒီအသင်းတွေဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ သူ့ကို ကမ်းလှမ်းမှု မပြုလုပ်ခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းမှာ ဆက်ပြီးရှိနေရမှာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ စတာလင်ကို စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနိုင်တယ်လို့လည်း သတင်းတွေ ထွက်နေတာပါ။
၂၀၂၂ ခုနှစ်က မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ စတာလင်ဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၈၁ ပွဲ ကစားထားပြီး ၁၉ ဂိုး သွင်းယူထားပါတယ်။
စတာလင်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီကုန်အထိ သက်တမ်း ရှိနေတာပါ။
စတာလင်ဟာ အင်္ဂလန်အသင်း လူစာရင်းထဲ ပြန်ပါဝင်ချင်နေပြီး လာမယ့် ဇန်နဝါရီမှာ လန်ဒန်ကလပ်အသင်း တွေထံ ပြောင်းရွှေ့ဖို့က သူ့ရဲ့ဦးစားပေး ဖြစ်တယ်လို့ သိရပါတယ်။
Source: Goal