CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃
ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ကြယ်ပွင့် မာဒူကီ အပါအဝင် ကစားသမား ၁၅ ဦးကို နွေရာသီမှာ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
၂၀၂၄-၂၅ ရာသီ ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲတွေဟာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကို စတင်ရတော့မှာပါ။
ချယ်လ်ဆီးအသင်းဟာ အစ်စဝှစ်ချ်အသင်း တိုက်စစ်မှူး ဒီလပ်ကို ခေါ်ယူနိုင်ခဲ့သလို ညာခြေသန်တဲ့ ဘယ်တောင်ပံ ကစားသမားကို လိုချင်နေတာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းက ဂစ်တန်စ်နဲ့ ယူနိုက်တက်အသင်းက ဂါနာချိုတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ထိပ်တန်း ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေ ဝယ်ယူဖို့စီစဉ်နေသလို အသင်းအတွက် မလိုအပ်တော့တဲ့ ကြယ်ပွင့် ကစားသမားတွေကို ရှင်းထုတ်ဖို့လည်း ရှိနေတာကြောင့် လာမယ့်ရာသီ မစတင်မီ ကစားသမား ၁၅ ဦးအထိ ထွက်ခွာနိုင်တယ်လို့ The Guardian က ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက အငှားချခဲ့တဲ့ ပီထရိုဗစ်၊ ဘန်ချီဝဲလ်၊ ဒီဆာဆီ၊ ဗီဂါ၊ ချူကွီမီကာ၊ အူဂိုချူကွီ၊ စတာလင်နဲ့ ဂျာအို ဖီးလစ်တို့ဟာ ချယ်လ်ဆီးအသင်း ရောင်းချမယ့် စာရင်းထဲမှာ ပါဝင်နေတာပါ။
အန်ကွန်ကူ၊ ဘူရီဟောလ်၊ ချာလိုဘာနဲ့ ဖိုဖာနာတို့လည်း ချယ်လ်ဆီးအသင်းရဲ့ ရောင်းချမှုကို ခံရဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ ဂိုးသမားသစ်တစ်ဦး၊ နောက်ထပ် တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူခဲ့မယ်ဆိုရင် ဂိုးသမား ရော်ဘတ်ဆန်းချက်ဇ်နဲ့ တိုက်စစ်မှူး ဂျက်ဆန်တို့ဟာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာပါ။
ချယ်လ်ဆီးအသင်း ရောင်းချမယ့် စာရင်းထဲမှာ ပါဝင်နေတဲ့ မာဒူကီဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ၁၁ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
မာဒူကီနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့စာချုပ်ဟာ ၂၀၃၀ ခုနှစ်အထိရှိနေသလို သူဟာ နိုင်ငံတကာ ပွဲစဉ်တွေကစားမယ့် အင်္ဂလန်အသင်း လူစာရင်းထဲမှာ ရွေးချယ်ခြင်းခံထားရတာ ဖြစ်ပါတယ်။
Source: metro