CNI Sport News

၂၀၂၄ ခုနှစ်၊ 

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက စတာလင်နဲ့ ချီဝဲလ်တို့ အပါအဝင် ဒီရာသီမှာ အသင်းအတွက် ပါဝင် မကစားရသေးတဲ့ အသင်းသားတွေအနေနဲ့ ကလပ်မှာဆက်ရှိမယ်ဆိုရင် ပွဲကစားချိန် မိနစ်တွေရမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ 

မာရက်စ်ကာက “ကျနော်ဟာ ကစားသမားတွေကို ရိုးသားရတာ နှစ်သက်ပါတယ်။ ဒီမှာ ပါဝင်ပတ်သက်ခြင်း မရှိတဲ့ သူတွေဟာ ဆက်ရှိမယ်ဆိုရင် သူတို့ပွဲကစားချိန် မိနစ်ရမှာ မဟုတ်ပါဘူး။ ပွဲကစားချိန် မိနစ်တွေရမယ့် သူတွေက ကျနော်တို့ကို ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ စတာလင်ဟာ အလွန်ကောင်းတဲ့သူဖြစ်ပေမယ့် နည်းပြတိုင်းမှာ မတူညီတဲ့ အတွေးအခေါ်တွေ ရှိပါတယ်။ သူဘာလုပ်ဖို့ လိုလဲဆိုတာ သူသိပါတယ်။ သီးခြား လေ့ကျင့်မှုတွေ ပြုလုပ်တဲ့သူတွေဟာ မိနစ်တွေရမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။ 

စတာလင်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၂ ခုနှစ်က မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်း အတွက် ပွဲပေါင်း ၈၁ ပွဲ ပါဝင်ကစားထားကာ ၁၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

ဘန်ချီဝဲလ်ကတော့ ၂၀၂၀ ခုနှစ်က လက်စတာအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၁၀၆ ပွဲ ပါဝင်ကစားထားကာ မနှစ်ကရာသီက ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူပါ။

ဒါပေမယ့် သူတို့တွေဟာ ရာသီအစ ပွဲစဉ်တွေမှာကတည်းက ချယ်လ်ဆီးအသင်းအတွက် ပါဝင်ခွင့် မရရှိတော့ပါ ဘူး။ 

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်

စတာလင်၊ ဘန်ချီဝဲလ်၊ ချာလိုဘတ်တို့ အပါအဝင် ကစားသမား အများအပြားဟာ ချယ်လ်ဆီးအသင်းကြီးနဲ့ သီးခြား လေ့ကျင့်မှုတွေ ပြုလုပ်နေရတာပါ။ 

စတာလင်နဲ့ ချာလိုဘတ်တို့ဟာ သူတို့ရဲ့ကျောနံပါတ် ၇ နဲ့ ၁၄ ကို ကစားသမားသစ်တွေဖြစ်တဲ့ ပက်ဒရိုနက်တိုနဲ့ ဂျာအိုဖီးလစ်တို့ကို ပေးခဲ့ရပြီး သူတို့ဟာ ကျောနံပါတ်မရှိ ဖြစ်နေပါတယ်။ 

စတာလင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်အသင်း အပါအဝင် အသင်းအချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေ တာပါ။

နွေရာသီ အပြောင်းအရွှေ့ဟာ သြဂုတ် ၃၀ ရက်မှာ ပိတ်မှာဖြစ်လို့ စတာလင် အပါအဝင် ချယ်လ်ဆီးအသင်းရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့တဲ့ ကစားသမားတွေဟာ အသင်းသစ်ရဖို့ အမြန်ဆုံး လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာ လက်ထက် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယမြောက်ပွဲစဉ်မှာ ဝုလ်ဖ်စ်အသင်းကို ၆ ဂိုး-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ 

ဒါအပြင် ချယ်လ်ဆီးအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ဆာဗတ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: BBC