CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၉

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ ဥရုဂွေးအသင်းက ကိုလံဘီယာအသင်းကို အရေးနိမ့်ခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ဖြစ်ခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ခဲ့တာကြောင့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ရဲ့ ၅ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ 

ဒါဝင်နူနက်ဇ်ဟာ ပွဲပယ်အပြင် ဒဏ်ကြေးငွေဒေါ်လာ ၂ သောင်းပါ ပေးဆောင်ရမှာဖြစ်ပြီး ဥရုဂွေးအသင်းရဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်တော့မှာပါ။

ဒါဝင်နူနက်ဇ်အပြင် ဒီရန်ပွဲမှာ ပါဝင်ခဲ့တဲ့ ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာက ၄ ပွဲပယ်နဲ့ ဒဏ်ကြေးငွေဒေါ်လာ ၁၆,၀၀၀ ၊ဂျီမီနက်ဇ်၊ အိုလီဗီရာနဲ့ အာရူဟိုတို့က ၃ ပွဲပယ်နဲ့ ဒဏ်ကြေးငွေဒေါ်လာ ၁၂,၀၀၀ ချမှတ်ခံခဲ့ရတာ ဖြစ်ပါ တယ်။ 

ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ဥရုဂွေး ကစားသမားတွေဟာ သူတို့ရဲ့မိသားစုတွေကို ကာကွယ်ဖို့အတွက် ပွဲကြည့်စင်ပေါ်ကို တက်ကာ ကိုလံဘီယာအသင်း ပရိသတ်အချို့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ ကြတာပါ။ 

ဥရုဂွေးကစားသမားတွေနဲ့ ကိုလံဘီယာအသင်း ပရိသတ်တွေဟာ ထိုးကြိတ်မှုတွေဖြစ်ခဲ့ပြီး ဒါဝင်နူနက်ဇ်ဟာ လူအုပ်ထဲကို ခုံနဲ့ပစ်ပေါက်ဖို့ ကြိုးပမ်းနေတဲ့ ဗွီဒီယိုထွက်ပေါ်လာခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်နဲ့ ပရိသတ် စကားများနေစဉ်

ဒီအဖြစ်အပျက်တွေအပြီးမှာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဟာ စုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့ပြီး အခု အချိန်မှာ အရေးယူမှုတွေကို လုပ်ဆောင်လာခဲ့တာပါ။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်ကိုလည်း ဒေါ်လာ ၂ သောင်း ဒဏ်ကြေးငွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဥရုဂွေးအသင်းရဲ့ အဓိက ကစားသမား အများအပြား ပွဲပယ်ခံရမှာဖြစ်လို့ နည်းပြ ဘီယယ်လ်ဆာအတွက်တော့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ လူရွေးချယ်မှုအပိုင်း အခက်တွေ့နိုင်တာပါ။ 

ဘီယ်လ်ဆာက သူ့ရဲ့ကစားသမားတွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ မိသားစုတွေကို ကာကွယ်ဖို့သာ ကြိုးပမ်းခဲ့ တာ ဖြစ်တယ်လို့ ဒီပွဲအပြီးမှာ ကစားသမားတွေကို ကာကွယ်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေးအသင်းဟာ စက်တင်ဘာထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် ပါရာဂွေး၊ ဗင်နီဇွဲလားအသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဥရုဂွေးအသင်းဟာ ခြေစစ်ပွဲ ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါ တယ်။ 

Source: ESPN