CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီဟာ အီကွေဒေါအသင်းနဲ့ ကစားမယ့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပြောလိုက်ပါတယ်။

စကာလိုနီက “ကျနော်တို့ နာရီအနည်းငယ်ကြာ လေ့ကျင့်မှုပြုလုပ်ပြီးမှ ဒါကိုဆုံးဖြတ်သွားမှာပါ။ နောက်တစ်ရက် က အမြဲတမ်း ပိုကောင်းပါတယ်။ ကျနော်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ တုန့်ပြန်မှုအပေါ် အခြေခံပြီး မက်ဆီ ကစားနိုင်မလားဆိုတာကို ဆုံးဖြတ်ရမှာပါ။ ကျနော်တို့ဟာ သူကစားနိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး သူ မပါဝင်နိုင်ရင်လည်း အသင်းအတွက် အကောင်းဆုံး အရာတွေကို ရှာဖွေရမှာပါ”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံ ချိန်ပြောခဲ့တာပါ။

မက်ဆီဟာ ချီလီအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ပီရူးအသင်းနဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။ မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေမှာ ပြန်လည်ပါဝင်ခဲ့ပေမယ့် နည်းပြ စကာလိုနီက သူဟာ မက်ဆီနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ပြီးရင် သူကစားနိုင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်မယ်လို့လည်း ပြောခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့မတ်လကမှ အီကွေဒေါအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ တာပါ။ 

 မက်ဆီကို တွေ့ရစဉ်

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက အီကွေဒေါအသင်းဟာ ကိုပါအမေရိကရဲ့ အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်းဖြစ်တာကြောင့် အကောင်းဆုံး လုပ်ဆောင်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ 

စကာလိုနီက “ဒီပွဲက ခြေစမ်းပွဲရလဒ်နဲ့ သက်ဆိုင်မှုမရှိပါဘူး။ မတူညီတဲ့ ကစားသမားတွေနဲ့ လုံးဝခြားနားတဲ့ ပွဲတစ်ပွဲပါ။ ပွဲတိုင်းမှာ သူ့ကိုယ်ပိုင် ဇာတ်လမ်းတွေရှိပါတယ်။ ကျနော်တို့ကတော့ ကစားနေကျ ပုံစံအတိုင်းပဲ ကစားသွားမှာပါ။ အီကွေဒေါအသင်းဟာ ကစားသမားကောင်းတွေ၊ နည်းပြကောင်းတွေရှိပြီး ပြိုင်ပွဲရဲ့ အကောင်း ဆုံး အသင်းတွေထဲက တစ်သင်းပါ။ သူတို့ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အခွင့်အရေးရှိတယ်”လို့ ပြောခဲ့တာပါ။ 

အာဂျင်တီးနားနဲ့ အီကွေဒေါအသင်းတို့ရဲ့ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၅ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: ESPN