CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၉

မြောက်အိုင်ယာလန် အသင်းခေါင်းဆောင် ဂျွန်နီအီဗန်စ်ဟာ နိုင်ငံတကာ ဘောလုံးသမားဘဝက အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ 

ဂျွန်နီအီဗန်စ်က “၁၈ နှစ်ကြာ ကစားပြီးနောက် အများကြီး စဉ်းစားမှုတွေ ပြုလုပ်အပြီးမှာ အခုအချိန်ဟာ နိုင်ငံတကာဘောလုံးလောက-ကနေ အနားယူဖို့ အချိန်တန်ပြီလို့ ကျနော်ခံစားခဲ့ရပါတယ်။ အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ပြီး မြောက်အိုင်ယာလန် ပြည်သူတွေကို ကိုယ်စားပြုခွင့်ရတာဟာ ကျနော့်ဘဝအတွက် အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ”လို့ သူ့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။ 

၂၀၀၆ ခုနှစ်က စပိန်အသင်းနဲ့ပွဲစဉ်မှာ မြောက်အိုင်ယာလန်အသင်းအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ဂျွန်နီအီဗန်စ်ဟာ ပြီးခဲ့တဲ့ ဇွန်က စပိန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင် ကစားခဲ့တာ ဖြစ်ပါတယ်။ 

ဂျွန်နီအီဗန်စ်ဟာ မြောက်အိုင်ယာလန်အသင်းအတွက် ၁၀၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ်ရှိ ဂျွန်နီအီဗန်စ်ဟာ မြောက်အိုင်ယာလန်အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားထားတဲ့ ၄ ဦး မြောက် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ 

 ဂျွန်နီအီဗန်စ်ကို တွေ့ရစဉ်

ဂျွန်နီအီဗန်စ်ဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ မြောက်အိုင်ယာလန် အသင်းနဲ့အတူ ၁၆ သင်းအဆင့် ရောက်ရှိခဲ့တာက သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝမှာ အကြီးမားဆုံး အောင်မြင်မှုဖြစ်ခဲ့တာပါ။ 

မြောက်အိုင်ယာလန်အသင်းဟာ စက်တင်ဘာလထဲမှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် လူဇင်ဘတ်၊ ဘူလ်ဂေးရီးယား အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ရှိနေပြီး ဒီပွဲအတွက် နည်းပြ မိုက်ကယ်အိုနေးလ်က လူစာရင်း မထုတ်ပြန်ခင်မှာ ဂျွန်နီအီဗန်စ်ဟာ နိုင်ငံအသင်းက အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

ဂျွန်နီအီဗန်စ်ဟာ လက်ရှိအချိန်မှာ ငယ်ဘဝကလပ် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးခဲ့ပြီး ဒီရာသီမှာ ၂ ပွဲ ပါဝင်ကစားခွင့် ရထားတာပါ။

ဂျွန်နီအီဗန်စ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၃၀ ပါဝင် ကစားခဲ့ကာ FA ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: CNA