CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၉

အင်္ဂလန်နောက်ခံလူ ဝေါလ်ကာက သူဟာ မန်စီးတီးအသင်းထံ မပြောင်းရွှေ့ခင်မှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဝေါလ်ကာက “အဲဒီအချိန်တုန်းက ကျနော် မန်စီးတီးအသင်းကို မပြောင်းရွှေ့ခင်မှာ ချယ်လ်ဆီးအသင်းက ကျနော့်ကို သေချာပေါက် အလိုရှိခဲ့တာပါ။ ကျနော်ဟာ စပါးအသင်းကို လေးစားမှု အများကြီးရှိတဲ့အတွက် ချယ်လ်ဆီးကို မသွားချင်ခဲ့ပါဘူး။ ပြီးတော့ ဆိုးလ်ကင်းဘဲလ် နောက်တစ်ယောက်လည်း မဖြစ်ချင်ခဲ့ပါဘူး။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး”လို့ ပြောခဲ့တာပါ။ 

ရှက်ဖီးယူနိုက်တက်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဝေါလ်ကာဟာ စပါးအသင်းထံ ပြောင်းရွှေ့ပြီးနောက် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် မန်စီးတီးအသင်းက သူ့ကို ၂၀၁၇ ခုနှစ်မှာ စပါးအသင်းကနေ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့တာပါ။ 

ဝေါလ်ကာဟာ မန်စီးတီးအသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဝေါလ်ကာကို တွေ့ရစဉ်

ဒါပေမယ့် ဝေါလ်ကာဟာ မန်စီးတီးအသင်းထံ မပြောင်းရွှေ့ခင်မှာ ချယ်လ်ဆီးအသင်းက သူ့ကို လိုချင်ခဲ့ပြီး ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် သူ့ရဲ့ကစားသမားဘဝဟာ ကွဲပြားမှုတွေ ရှိသွားနိုင်တာပါ။ 

ဝေါလ်ကာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချဉ်းကပ်မှုတွေ ရခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ပြီး အင်္ဂလန်မှာ ဆက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဝေါလ်ကာက ဘိုင်ယန်မြူးနစ်အသင်းထံ အပြောင်းအရွှေ့ဖြစ်ဖို့လည်း နီးစပ်ခဲ့သေးတယ်လို့ ဝန်ခံခဲ့တာပါ။ 

အသက် ၃၄ နှစ်အရွယ်ရှိ ဝေါလ်ကာဟာ မန်စီးတီးအသင်းမှာ ကစားခဲ့တာ ၇ ရာသီကြာ ရှိခဲ့ပြီဖြစ်ပြီး ပွဲပေါင်း ၃၀၁ ပွဲအထိ ပါဝင်ကစားထားပေမယ့် ရာသီသစ်မှာတော့ ပါဝင်ကစားရခြင်းမရှိသေးတာ ဖြစ်ပါတယ်။ 

Source: Metro