CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀

ချန်ပီယံလိဂ်မဲခွဲမှုမှာ ဂုဏ်ပြုခံခဲ့ရတဲ့ အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲထံ ပြန်လာဖို့ကို ငြင်းဆန်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုက “ကျနော့်အတွက်တော့ ဒီမှာရှိနေရတာက ဝမ်းသာဖို့ကောင်းပါတယ်။ အခုလို အံ့သြစရာကောင်းတဲ့ ဆုအတွက်လည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ချန်ပီယံလိဂ်ပြိုင်ပွဲက ဘောလုံးလောကမှာ အမြင့်ဆုံးပါပဲ။ ဒီပြိုင်ပွဲမှာ ကစားရတာဟာ ကျနော်တို့အတွက် တွန်းအားပါပဲ။ ဘောလုံးမှာ ဘာတွေဖြစ်လာမလဲ ဆိုတာ ခင်ဗျားတို့မသိပါဘူး။ အဲဒါကြောင့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောခဲ့ တာပါ။ 

ဘောလွန်းဒီအောဆုကို ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုဟာ မိုနာကိုမှာ ကျင်းပခဲ့တဲ့ ပုံစံအသစ်နဲ့ ပြောင်းလဲကျင်းပ မယ့် ရာသီသစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မဲခွဲပွဲအခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီအခမ်းအနားမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်တဲ့အတွက် ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတာပါ။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း ၁၈၃ ပွဲ ကစားခဲ့ပြီး ၁၄၀ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်ဖလားကို ယူနိုက်တက်အသင်းနဲ့ ၁ ကြိမ်၊ ရီးရယ်လ်အသင်းနဲ့ ၄ ကြိမ် ရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းဂန္ထဝင် ဘူဖွန်နဲ့အတူ ချန်ပီယံလိဂ်မဲခွဲမှုအစီအစဉ်မှာ ပါဝင်ခဲ့တာပါ။ 

ရော်နယ်ဒိုကို တွေ့ရစဉ် 

ရော်နယ်ဒိုဟာ ဒီအစီအစဉ်မှာ ပါဝင်ခဲ့ရင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲထံ ပြန်လာဖို့ကို ငြင်းဆန်ခဲ့ခြင်းမရှိတာ ဖြစ်ပါ တယ်။ 

အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီကလပ် အသင်းနဲ့အတူ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့သလို ရာသီသစ်မှာလည်း ပါဝင်ကစားဖို့ရှိနေတာပါ။ 

အသင်းပေါင်း ၃၆ သင်း ပုံစံအသစ်နဲ့ စတင်ကျင်းပမယ့် ရာသီသစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက် ကျရင် စတင်မှာဖြစ်ပြီး အသင်းတစ်သင်းဟာ ပွဲစဉ် ၈ ပွဲစီ ကစားရမှာဖြစ်လို့ ထိပ်ဆုံး ၈ သင်းက နောက်တစ်ဆင့် ကို တိုက်ရိုက်တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။ 

အဆင့် ၉ ကနေ ၂၄ အထိ အသင်း ၁၆ သင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့် ၂၅ ကနေ ၃၆ အထိ ၁၂ သင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာရမှာဖြစ်ပါတယ်။

Source: Goal