CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀

အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ဟာ အသေးစား ကြွက်သားဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် အနည်းငယ် လွဲချော်မယ်လို့ ယူနိုက်တက်အသင်းက အတည်ပြုခဲ့ပါတယ်။ 

တိုက်စစ်မှူး ဟော့ဂျ်လန်း၊ နောက်ခံလူတွေဖြစ်တဲ့ လုပ်ခ်ရှော၊ ယိုရို၊ မာလာစီယာနဲ့ လင်ဒီလော့ဖ်တို့ ဒဏ်ရာ တွေကြောင့် အနားယူနေရချိန်မှာ မေဆန်မောင့်ရဲ့ ဒဏ်ရာဟာ ယူနိုက်တက်အသင်းအတွက် ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။ 

မေဆန်မောင့်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပထမပိုင်းအပြီး လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးအသင်းကနေ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မေဆန်မောင့်ဟာ ဒဏ်ရာ အများအပြားကြောင့် အသင်းအတွက် ပွဲပေါင်း ၂၀ သာ ပါဝင်ကစားနိုင်ခဲ့တာပါ။ 

မေဆန်မောင့်ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီရာသီအသင်းအတွက် ကြံ့ခိုင်မှု အပြည့်နဲ့ ပါဝင်ကစားနိုင်ဖို့ ယူနိုက်တက်အသင်းက မျှော်လင့်ခဲတာ ဖြစ်ပါတယ်။ 

မေဆန်မောင့်ကို တွေ့ရစဉ်

ဒါပေမယ့် မေဆန်မောင့်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ဒဏ်ရာခံစားခဲ့ရပြီး သူကိုယ်တိုင်လည်း ဒဏ်ရာအပေါ် စိတ်ပျက်နေခဲ့တာပါ။

မေဆန်မောင့်က “ပြီးခဲ့တဲ့ပွဲက အသေးစား ကြွက်သားဒဏ်ရာကြောင့် ပွဲစဉ်အနည်းငယ်ကို ကျနော်လွဲချော်မှာပါ။ ကျနော်ဟာ ရာသီကြိုမှာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံပြန်ရဖို့ ကြိုးစားခဲ့ပြီး အဆင်သင့် ဖြစ်ခဲ့တယ်လို့လည်း ခံစားခဲ့ရပါတယ်။ အခုတော့ ခင်ဗျားတို့လိုပဲ ကျနော်လည်း အလွန်စိတ်ပျက်နေပါတယ်။ အကောင်းဆုံးပုံစံနဲ့ ပြန်လာပြီး အသင်းကို အကူအညီပေးနိုင်ဖို့ အရာအားလုံးလုပ်သွားမယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါ တယ်။ 

မေဆန်မောင့်ဟာ ဒဏ်ရာတွေကြောင့် အင်္ဂလန်အသင်း လူစာရင်းနဲ့လည်း ဝေးကွာခဲ့ပြီး လာမယ့် နေးရှင်းလိဂ်ပွဲစဉ် တွေအတွက် ယာယီနည်းပြ လီကာစလေ ထုတ်ပြန်တဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ 

အင်္ဂလန်အသင်း လူစာရင်းမှာ ယူနိုက်တက်အသင်းက မက်ဂွဲယားနဲ့ ကိုဘိမိုင်နူးတို့သာ ပါဝင်ပြီး ရက်ရှ်ဖို့ဒ်လည်း ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

Source: ESPN