CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉

ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းနဲ့ ကွင်းလယ်လူ မေဆန်မောင့်တို့ဟာ ယူနိုက်တက် အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ 

ဟော့ဂျ်လန်းဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ အမေရိကန် ရာသီကြို ခြေစမ်းခရီးစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးပါဘူး။ 

မေဆန်မောင့်ကတော့ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသေးစားဒဏ်ရာ ရရှိခဲ့လို့ အနားယူနေရတာပါ။

 ဒါပေမယ့် သူတို့နှစ်ဦးစလုံးဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ ယူနိုက်တက်အသင်းက အတည်ပြုခဲ့တာကြောင့် ပွဲပြန်ကစားနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ 

ဟော့ဂျ်လန်းဟာ အစောပိုင်းက စက်တင်ဘာလအတွင်း ကျင်းပနေတဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ယူနိုက်တက် အသင်းအတွက် ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ ဘန်စလေအသင်းတို့ကို အနိုင်ရ ခဲ့တဲ့ပွဲတွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိတာပါ။

မေဆန်မောင့်ကို တွေ့ရစဉ်

ဒိန်းမတ် တိုက်စစ်မှူးဟာ ဒီတစ်ပတ်ကစားမယ့် ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီ ယူနိုက်တက် အသင်းအတွက် သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ 

မေဆန်မောင့်ကတော့ ဒီလမကုန်ခင်မှာ ယူနိုက်တက်အသင်းအတွက် ပြန်ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်ထား တာပါ။ 

ဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ ဒဏ်ရာကနေ သက်သာနေပြီဖြစ်ပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူဘယ်အချိန် ပြန်ကစားပေးနိုင်မလဲဆိုတာ ပြောဆိုထားခြင်း မရှိသေးပါဘူး။

ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင် ယူရိုပါလိဂ် ပွဲစဉ်လည်း ကစားဖို့ ရှိနေတာကြောင့် ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာတာဟာ အသင်းအတွက် သတင်းကောင်း ဖြစ်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ရာသီအစပွဲတွေမှာ ရလဒ်တွေ ဆိုးခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ပေးဂိုးမပေးရဘဲ ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Goal