CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀

ယူနိုက်တက်အသင်းဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီဖြစ်တဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းကို အလျင်စလို အသုံးမပြုချင်သေးတာကြောင့် ကစားသမားဟာ လာမယ့် ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဟော့ဂျ်လန်းဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ ကြောင့် ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးပါဘူး။

ဒိန်းမတ်တိုက်စစ်မှူးဟာ ရာသီအစ ပွဲစဉ်တွေကို လွဲချော်ခဲ့ပေမယ့် နိုင်ငံတကာပွဲစဉ်အပြီး ပြန်ကစားမယ့် ဆောက်သမ်တန်အသင်း နဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်း နောက်ထပ် ဒဏ်ရာရရှိမှာကို စိုးရိမ်တာကြောင့် သူ့ရဲ့ ပြန်လာနိုင်မှုဟာ နှောင့်နှေးနိုင်တယ်လို့ ESPN က ဖော်ပြထားပါတယ်။ 

ဟော့ဂျ်လန်းရဲ့ အခြေအနေကို ဒီရက်သတ္တပတ်ထဲမှာ အကဲဖြတ်မှုတွေ ပြုလုပ်မှာဖြစ်တာကြောင့် ကစားသမား ဟာ ပါဝင်နိုင်ဖွယ် ရှိနေသေးပေမယ့် ယူနိုက်တက်အသင်းဟာ သူ့ကို သတိထားပြီး ချဉ်းကပ်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတာပါ။ 

 ဟော့ဂျ်လန်းကို တွေ့ရစဉ် 

ဟော့ဂျ်လန်းဟာ ဆောက်သမ်တန် အသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ရင်လည်း ဘန်စလေအသင်းနဲ့ ကာရာဘောင်း ဖလားပွဲစဉ်၊ ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ယူနိုက်တက်အသင်းအတွက် စတင်ပါဝင်နိုင်တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ဒီရာသီ အစပိုင်းမှာကတည်းက ဒဏ်ရာထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်နေရပြီး ဟော့ဂျ်လန်း အပါအဝင် လုပ်ခ်ရှော၊ ယိုရိုနဲ့ မာလာစီယာတို့ဟာ အသင်းအတွက် ပါဝင်နိုင်ခြင်း မရှိသေးတာပါ။ 

ကွင်းလယ်လူ မေဆန်မောင့်ကလည်း တံကောက်ကြောဒဏ်ရာကြောင့် အောက်တိုဘာလအထိ အနားယူရဖွယ် ရှိနေပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီအစပိုင်းမှာ တိုက်စစ်ပိုင်းက သွင်းဂိုး ရယူနိုင်ဖို့  ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ၃ ပွဲကစားအပြီးမှာ ၂ ဂိုးသာ သွင်းယူထားနိုင်တာပါ။ 

ဆောက်သမ်တန် အသင်းနဲ့ပွဲစဉ်မှာ ဟော့ဂျ်လန်း မပါဝင်နိုင်ရင် နည်းပြ အဲရစ်တန်ဟတ်ဟာ ဒတ်ချ်တိုက်စစ်မှူး ဇက်ခ်ဇီကို ပွဲထွက်လူစာရင်းမှာ ထပ်ပြီး အသုံးပြုသွားဖို့ရှိနေတာ ဖြစ်ပါတယ်။ 

Source: Metro