CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁

ယူနိုက်တက်အသင်းဟာ ဒဏ်ရာတွေကြောင့် နောက်ခံလူသစ် ယိုရိုက ၃ လ၊ တိုက်စစ်မှူး ဟော့ဂျ်လန်းက ၆ ပတ် အနားယူရမယ်လို့ အတည်ပြုခဲ့ပါတယ်။

ယိုရိုနဲ့ ဟော့ဂျ်လန်းတို့ဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်ရဲ့ ပထမပိုင်းအတွင်းမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။ 

ယိုရိုဟာ ခြေဖမိုးရိုးကျိုး ဒဏ်ရာရရှိခဲ့ပြီး ဟော့ဂျ်လန်းက တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လကမှ ယိုရိုကို လိုင်လီအသင်းကနေ ပေါင် ၅၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားဟာ အသင်းအတွက် ၂ ပွဲသာ ကစားရပြီးနောက် ၃ လကြာ အနားယူရတော့မှာပါ။

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်အတွက်တော့ ရာသီသစ် မစတင်ခင်မှာတင် ဒဏ်ရာနှိပ်စက်မှုတွေကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် ဇာ့ခ်ဇီကို ဟော့ဂျ်လန်းရဲ့နေရာမှာ အစားထိုး အသုံးပြုနိုင်ပေမယ့် ယိုရိုရဲ့နေရာကို အစားထိုးဖို့အတွက် နောက်ထပ် ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနိုင်တာပါ။

 ယိုရိုကို တွေ့ရစဉ်

ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ အသင်းနဲ့ ပူးပေါင်းခြင်း မရှိသေးလို့ နည်းပြအဲရစ်တန်ဟတ် အတွက်တော့ ဗဟိုနောက်ခံလူ ရွေးချယ်စရာအဖြစ် မက်ဂွဲယား၊ လင်ဒီလော့ဖ်နဲ့ အီဗန်စ် တို့သာ ရှိတာဖြစ်ပါတယ်။

လင်ဒီလော့ဖ်ဟာ ဒီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပေမယ့် ဗဟိုနောက်ခံလူ တစ်ဦး ခေါ်ယူလို့မရခင် အချိန်အထိ အသင်းမှာ ဆက်ပြီးရှိနိုင်တာပါ။ 

ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူ ပစ်မှတ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်း နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီလစ်အတွက် ပထမအကြိမ်ကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ်အသင်းက ပယ်ချထားတဲ့ အတွက် နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ရှိနေတာပါ။ 

ဒီလစ်ဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မလားဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။

Source: Dailymail