CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁

ကနေဒါအမျိုးသမီးအသင်းဟာ ဒရုန်းနဲ့ထောက်လှမ်းတဲ့ အရှုပ်တော်ပုံကြောင့် အိုလံပစ်ပြိုင်ပွဲမှာ ရမှတ် ၆ မှတ်လျှော့တဲ့ ပြစ်ဒဏ်ချမှတ်ခံထားရပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကိုလံဘီယာအသင်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

ကနေဒါအသင်းဟာ ကိုလံဘီယာ အသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် အုပ်စုတွင်း ၃ ပွဲစလုံးကို အနိုင်ရရှိခဲ့တာပါ။ 

ကနေဒါအသင်းဟာ အုပ်စုပွဲစဉ် အားလုံးကို အနိုင်ရခဲ့ပေမယ့် ရမှတ်လျှော့ ပြစ်ဒဏ်ကြောင့် ၃ မှတ်သာ ရရှိသေးတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ကနေဒါအသင်းဟာ ကိုလံဘီယာအသင်းကို ဂိုးကွာခြားချက်နဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရခဲ့တာ ကြောင့် အုပ်စုတွင်း ဒုတိယနေရာနဲ့ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ 

ကိုလံဘီယာအသင်းဟာ ကနေဒါအသင်းကို အရေးနိမ့်ခဲ့ပေမယ့် အကောင်းဆုံး အုပ်စုတတိယနဲ့ ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကနေဒါအသင်းဟာ အစောပိုင်းက သူတို့ကို အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် နိုင်ငံတကာအားကစားခုံရုံးထံ အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။

ကနေဒါအမျိုးသမီးအသင်းကိုတွေ့ရစဉ်

ကနေဒါအသင်းဟာ အယူခံပယ်ခံခဲ့ရပေမယ့် နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီး အိုလံပစ်ချန်ပီယံဆုကို ကာကွယ်နိုင် မယ့် မျှော်လင့်ချက်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ကနေဒါအမျိုးသမီးအသင်းနည်းပြ ပရီးစ်မန်းနဲ့ နည်းပြအဖွဲ့ဝင် ၂ ဦးကတော့ ၁ နှစ်ပွဲပယ်နဲ့ အိုလံပစ်ပြိုင်ပွဲကနေ အိမ်ပြန်ပို့ခံခဲ့ရပြီး ဒီပြစ်ဒဏ်ကိုတော့ ကနေဒါအသင်းဘက်က အယူခံဝင်ခဲ့ခြင်းမရှိပါဘူး။

ကိုလံဘီယာအသင်းဘက်ကို အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဂီလက်စ်က အသင်းသားတွေအားလုံး အတူတကွ လက်တွဲ လုပ်ဆောင်မှုတွေကြောင့် ဒီလိုမျိုးရလဒ်ကို မြင်တွေ့ခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ကနေဒါအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

အုပ်စုတွင်းပွဲစဉ်တွေအပြီးမှာ အခြားကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် အိမ်ရှင်ပြင်သစ်နဲ့ ဘရာဇီးလ်၊ စပိန်နဲ့ ကိုလံဘီယာ၊ အမေရိကန်နဲ့ ဂျပန်အသင်းတို့ တွေ့ဆုံနေကြတာပါ။ 

အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၃ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Source: ESPN