CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က အသင်းခေါင်းဆောင် ဘတ်ပီအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ ပြိုင်ပွဲ ၂ ခု ဆက်အဖြစ် အိုလံပစ်ပြိုင်ပွဲကို ပါဝင်ဖို့ ခက်ခဲလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ဒက်ချမ့်စ်က “အားလပ်ရက်မရှိဘဲနဲ့ နွေရာသီမှာ ဒီလိုပြိုင်ပွဲ ၂ ခုကို ပါဝင်ဖို့က စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ရှူထောင့်က ကြည့်မယ်ဆိုရင် အလွန်ခက်ခဲပါလိမ့်မယ်။ ကျနော်တို့ရဲ့ ပြင်ဆင်မှုကို အနှောက်အယှက် မဖြစ်ချင် တာကြောင့် လေ့ကျင့်ရေးစခန်းကို ရောက်တာနဲ့ ဘယ်သူက သွားပြီး၊ ဘယ်သူက မသွားဘူးလဲဆိုတာ ရှင်းရှင်း လင်းလင်း သိဖို့လိုတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်မယ့် ပြင်သစ်လူစာရင်းက ကစားသမားအချို့ဟာ အွန်နရီ ကိုင်တွယ်နေတဲ့ ပြင်သစ် အိုလံပစ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီကြယ်ပွင့် ဘတ်ပီနဲ့ အသလက်တီကို အသင်းကစားသမား ဂရစ်ဇ်မန်းတို့ဟာ အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံ အသင်းကို ကိုယ်စားပြုဖို့ အလွန်စိတ်အား ထက်သန်နေကြတာပါ။

ဘတ်ပီနဲ့ ပြင်သစ်အသင်းသားတွေကိုတွေ့ရစဉ်

ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး အိုလံပစ်အမျိုးသား ဘောလုံးပြိုင်ပွဲကိုတော့ ဇူလိုင် ၂၄ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းသာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့မယ်ဆိုရင် အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ကစားသမားတွေအတွက် နားချိန်နည်းပါးနေတာပါ။ 

အိုလံပစ်ပြိုင်ပွဲဟာ အသက် ၂၃ နှစ်အောက် ကစားသမားတွေသာ ယှဉ်ပြိုင်ရတာ ဖြစ်ပေမယ့် အသက် ၂၃ နှစ် အထက်ကစားသမား ၃ ဦးကို ရွေးချယ်ခွင့်ရှိတာကြောင့် အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီနဲ့ အသင်းကြီး ကစားသမားအချို့ဟာ ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရနိုင်တာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ ရှိနေတာ ကြောင့် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့က ရီးရယ်လ်အသင်း အပေါ်မှာလည်း မူတည်နေတာပါ။ 

ကလပ်အသင်းသစ်အနေနဲ့ ရာသီသစ် မစတင်ခင် အနားယူရမယ့်အစား အိုလံပစ်ပြိုင်ပွဲကို သွားမယ့် ကစားသမား ရဲ့ အခြေအနေကို နှစ်သက်ဖွယ်မရှိဘူးလို့ သတင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။ 

Source: besoccer