CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅

အက်စတွန်ဗီလာအသင်းဟာ အေဂျက်စ်အသင်းကို အနိုင်ရပြီး ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် မက်ဂင်းက ဒီထက်ပိုပြီး အောင်မြင်မှုရချင်တယ်လို့ ပြောခဲ့ပါတယ်။

မက်ဂင်းက “ကျနော်တို့ ဒီထက်ပိုပြီး အောင်မြင်မှု ရယူချင်ပါတယ်။ ပရိသတ်တွေကို အမှတ်ရစရာတစ်ခု ပေးနိုင်ခဲ့ ပေမယ့် ကျနော်တို့ ဒီနေရာမှာ မရပ်တန့်ချင်ပါဘူး။ ဒါက ကျနော်တို့ရဲ့ အကောင်းဆုံးညဖြစ်ပြီး ကျနော်တို့ဒီခရီးကို အဆုံးမသတ်ချင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အေဂျက်စ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ပထမအကျော့ ပွဲစဉ်တုန်းက ဂိုးမရှိ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ဂိုးမရှိနဲ့ အက်စတွန်ဗီလာ အသင်းအနိုင်ရပြီး ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ 

အက်စတွန်ဗီလာအသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ဥရောပပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်း အောင်ပွဲခံနေစဉ်

အက်စတွန်ဗီလာအသင်းဟာ အေဂျက်စ်အသင်းကို အနိုင်ရခဲ့ပေမယ့် တိုက်စစ်မှူး ဝက်ကင်စ် ဒဏ်ရာရရှိသွားတာ ကြောင့် အနည်းငယ် စိုးရိမ်စရာတွေရှိခဲ့တာပါ။

ဝက်ကင်စ်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြသနေ တာဖြစ်ပါတယ်။ 

အက်စတွန်ဗီလာ အသင်းနည်းပြ အူနှိုင်းအမ်မရီကတော့ ဝက်ကင်စ်ရဲ့ ဒဏ်ရာဟာ မစိုးရိမ်ရဘူးလို့ ပြောခဲ့တာပါ။

အူနှိုင်းအမ်မရီက “သူ့ရဲ့ဒဏ်ရာ အခြေအနေကို ကျနော်တို့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ဝက်ကင်စ်ဟာ တနင်္ဂနွေနေ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့တော့ရှိပါတယ်။ သူ့ရဲ့ အခြေအနေကို စောင့်ကြည့်ရဦးမှာပါ”လို့ ပြောခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဒီရာသီမှာ ပုံစံကောင်းတွေရရှိနေပြီး ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် တက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၄ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: BBC