CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

အက်စတွန်ဗီလာအသင်း ကွင်းလယ်လူ မက်ဂင်းက ဆွစ်ဇာလန်အသင်းနဲ့ ကစားမယ့် ယူရို ၂၀၂၄ အုပ်စု ဒုတိယ ပွဲစဉ်မှာ ဂျာမနီအသင်းနဲ့ပွဲစဉ်က မတူညီတဲ့ စကော့တလန်အသင်းကို မြင်တွေ့ရမယ်လို့ ပရိသတ်တွေကို ကတိ ပေးခဲ့ပါတယ်။

မက်ဂင်းက “ဆွစ်ဇာလန်နဲ့ပွဲမှာ မတူညီတဲ့ စကော့တလန်ကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ ကျနော်တို့အတွက် အခွင့်အရေး ရှိနေဆဲဆိုတာ မေ့ထားလို့ မရပါဘူး။ အသက်ကြီးလာတာနဲ့ ဒီလိုအရာတွေကို ကိုင်တွယ် ဖြေရှင်း ရတာ ပိုပြီးအဆင်ပြေလာပါတယ်။ လွယ်တော့ မလွယ်ပါဘူး။ ကျနော်တို့ဟာ ဝေဖန်မှုတွေ အများကြီးရှိခဲ့ပြီး ဒါကလည်း ထိုက်တန်တယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ဟာ ဒါတွေကို အကောင်းဆုံး တုန့်ပြန်သွားမှာပါ”လို့ ပြောခဲ့တာပါ။

စကော့တလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင်ဂျာမနီ အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

စကော့တလန်အသင်း ပရိသတ် အများအပြားဟာ သူတို့ရဲ့နိုင်ငံအသင်းကို အားပေးဖို့ ဂျာမနီနိုင်ငံကို ရောက်ရှိခဲ့ ကြပေမယ့် အုပ်စုအဖွင့်ပွဲရလဒ်က စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။

စကော့တလန်အသင်းအနေနဲ့ ယူရိုပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ချင်ရင် လက်ကျန် ၂ ပွဲမှာ အနည်းဆုံး ရမှတ် ၄ မှတ် ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

 စကော့တလန်အသင်း ပရိသတ်ကိုတွေ့ရစဉ်

အဲဒါကြောင့် စကော့တလန်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့ ပြင်ဆင်နေပြီး ကွင်းလယ်လူ မက်ဂင်းက မတူညီတဲ့ စကော့တလန်အသင်းကို မြင်တွေ့ရမယ်လို့ ပြောခဲ့တာပါ။ 

စကော့တလန်အသင်းဟာ ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုးကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အဆုံးသတ်ဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

ဆွစ်ဇာလန်အသင်းကတော့ အုပ်စုအဖွင့်ပွဲစဉ်မှာ ဟန်ဂေရီအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

စကော့တလန်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု ဒုတိယပွဲစဉ်ကို ဇွန်လ ၂၀ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: Goal