CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၁

အင်္ဂလန်အသင်းကြီး လူစာရင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတဲ့ ယူနိုက်တက်အသင်းကြယ်ပွင့် ကိုဘီမိုင်နူးက နိုင်ငံအသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာပါဝင်ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။

ကိုဘီမိုင်နူးက “တကယ်ကို ရူးသွပ်ဖို့ကောင်းတဲ့ နေ့ရက်တွေဖြစ်ပြီး အသင်းကြီးမှာ ရှိနေရတာဟာ အံ့သြစရာ ကောင်းပါတယ်။ ကျနော်တုန်လှုပ်မိပြီး ပျော်လည်းပျော်ရွှင်ပါတယ်။ ယူရိုလူစာရင်းမှာ ပါဝင်နိုင်ဖို့က ကျနော့်ရဲ့ ရည်မှန်းချက်ပါပဲ။ ကြားထဲမှာတော့ အချိန်တွေ အများကြီးရှိနေတာကြောင့် ကလပ်ကိုပြန်ရောက်ရင် အကောင်း ဆုံးစွမ်းဆောင်ပြီး လုပ်စရာရှိတာတွေ လုပ်မယ်ဆိုရင် ယူရိုလူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောပါ တယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုဘီမိုင်နူးဟာ အစောပိုင်းက အင်္ဂလန် ယူ-၂၁ အသင်း လူစာရင်းမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ခြေစမ်းပွဲကစားမယ့် လူစာရင်းထဲ ကိုဘီမိုင်နူးကို ထည့်သွင်းလာခဲ့တာပါ။ 

ကိုဘီမိုင်နူးကို တွေ့ရစဉ်

အသက် ၁၈ နှစ်အရွယ်ရှိ ကိုဘီမိုင်နူးဟာ ဒီခြေစမ်းပွဲတွေမှာ အင်္ဂလန်အသင်းကြီး ကစားသမားဘဝ ပထမဆုံး ပွဲစဉ်အဖြစ် ပါဝင်ခွင့်ရလာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အကယ်ဒမီ ထွက်ကစားသမားကတော့ နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန် အသင်းလူစာရင်းမှာ ရွေးချယ်ခံရပြီး ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။ 

ကိုဘီမိုင်နူးရဲ့ မိဘတွေဟာ ဂါနာလူမျိုးတွေ ဖြစ်ပေမယ့် သူကတော့ ငယ်ငယ်လေးကတည်းက အင်္ဂလန်အသင်း အတွက် ပါဝင်ကစားနိုင်ဖို့ အမြဲတမ်း အိပ်မက်ရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ဒါအပြင် ကိုဘီမိုင်နူးက ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒင်ဟိုကို နှစ်သက်တယ်လို့လည်း ပြောခဲ့တာပါ။

ကိုဘီမိုင်နူးက “ဘရာဇီးလ်က အထင်ကရ အသင်းဖြစ်ပြီး သူတို့နဲ့ ကစားရမှာက အံ့သြစရာကောင်းပါတယ်။ ရော်နယ်ဒင်ဟိုဆိုရင် သူ့မျက်နှာမှာ အပြုံးတွေနဲ့ ဘောလုံးကစားခဲ့ပါတယ်။ အားလုံးက ရော်နယ်ဒင်ဟိုကို ချစ်တယ်လို့ ကျနော်ထင်ကြောင်း”ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ခြေစမ်းပွဲတွေအဖြစ် မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ဝင်ဘာလေ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Source: Metro