CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၁

ပေါ်တူဂီအသင်းနောက်ခံလူ ကန်ဆယ်လိုက အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ နိုင်ငံအသင်းမှာ အဓိကကျတဲ့သူ မဟုတ်တော့ဘဲ သူ့ရဲ့အကောင်းဆုံး အချိန်တွေ ကျန်ခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ကန်ဆယ်လိုက “ရော်နယ်ဒိုဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး ဘောလွန်းဒီအောဆုအတွက် မက်ဆီနဲ့ ၁၅ နှစ်ကြာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးသမားတစ်ဦးရဲ့ အကောင်းဆုံးအချိန်က အသက် ၂၅ နှစ်ကနေ ၃၂ နှစ်ကြားပါ။ သူဟာ ကျနော်တို့အတွက် အရေးပါတဲ့ ကစားသမားဖြစ်ပေမယ့် နိုင်ငံအသင်းဟာ သူ့အပေါ်မှာ လုံးဝ မှီခိုခြင်းမရှိတော့ဘူး”လို့ RTP ကို ပြောသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသက် ၃၉ နှစ် အရွယ်ရှိပြီဖြစ်ပေမယ့် ပေါ်တူဂီအသင်းကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသက် ၄၁ နှစ် အရွယ်ရှိ ပီပီနဲ့အတူ ဦးဆောင်ဖို့ ရှိနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၁၀ ဂိုးသွင်းပြီး နိုင်ငံအသင်းကို ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် ကန်ဆယ်လိုကတော့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ အစီအစဉ်တွေမှာ အဓိကကျတဲ့သူ မဟုတ်တော့ဘူးလို့ ပြောလာခဲ့တာဖြစ်ပါတယ်။

 ရော်နယ်ဒိုကို တွေ့ရစဉ်

၂၀၀၃ ခုနှစ်ကတည်းက ပေါ်တူဂီအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် ၂၀၅ ပွဲ ပါဝင်ကစားထားပြီး ၁၂၈ ဂိုးသွင်းယူကာ ကမ္ဘာ့ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ 

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်း ယူရို ၂၀၁၆ ဆုဖလားနဲ့ ၂၀၁၈-၁၉ UEFA နေးရှင်းလိဂ်ဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ရော်နယ်ဒိုဟာ အသက်အရွယ်ကြောင့် နိုင်ငံအသင်းကနေ အနားယူဖို့ နီးစပ်လာပြီလည်းဖြစ်တာပါ။

အဲဒါကြောင့် ပေါ်တူဂီအသင်းဟာ လာမယ့်ခြေစမ်းပွဲတွေအတွက် ဂျိုတာဆေးလ်ဗားနဲ့ ကွန်ဆီကာအိုတို့လို လူငယ်ကြယ်ပွင့်တွေကို အသင်းလူစာရင်းထဲ ခေါ်ယူထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ဆွီဒင်အသင်းနဲ့ ခြေစမ်းပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ဆလိုဗေးနီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ နိုင်ငံအသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။

Source: besoccer