CNI Sport News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူဟာ ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်နိုင်ဖို့ ရည်မှန်းထားဆဲ ဖြစ်ပေမယ့် ဒီမှတ်တိုင် ရောက်ရှိဖို့အတွက် သူ့မှာ အချိန်အလုံအလောက် မရှိတော့ဘူးဆိုတာ လက်ခံခဲ့ပါတယ်။ 

ရော်နယ်ဒိုက “ကျနော်ဟာ လက်ရှိအခိုက်အတန့်ကိုပဲ တွေးနိုင်ပြီး ရေရှည် မတွေးနိုင်တော့ပါဘူး။ သွင်းဂိုး ၁,၀၀၀ ရောက်ချင်တယ်လို့ လူသိရှင်ကြား ပြောခဲ့တာကိုလည်း ကျနော် မတွေးနိုင်တော့ပါဘူး။ ကျနော်ဟာ လက်ရှိအချိန် မှာ ဒီအခိုက်အတန့်တွေကိုပဲ ပျော်ရွှင်စွာ ဖြတ်သန်းပြီး လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ကျနော့် ခြေထောက် တွေကပေးမယ့် တုန့်ပြန်မှုကို မြင်တွေ့ရမှာပါ။ ဂိုး ၁,၀၀၀ ပြည့်ရင်တော့ အလွန်ကောင်းမှာဖြစ်ပေမယ့် ဒီလိုမဖြစ်ခဲ့ ရင်လည်း ကျနော်ဟာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူတဲ့သူ ဖြစ်နေပြီးပါပြီ”လို့ ပြောခဲ့တာပါ။ 

ကလပ်တွေနဲ့ နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၉၀၈ ဂိုး သွင်းယူထားတဲ့ ရော်နယ်ဒိုဟာ လာမယ့်နှစ် ဖေဖော်ဝါရီမှာ အသက် ၄၀ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ လက်ရှိအချိန်ထိ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်ကြောင်းကို ပြသထားပေမယ့် ကစားသမားဘဝ အဆုံးသတ်ဖို့က နီးစပ်လာပြီဖြစ်တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ကစားသမားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လဆိုရင် ကုန်ဆုံးပြီဖြစ်ပေမယ့် ဆော်ဒီပရိုလိဂ်ကလပ်က သူ့ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ စီစဉ်နေတာပါ။ 

ပေါ်တူဂီအသင်းနဲ့ နေးရှင်းလိဂ်ပွဲတွေကစားဖို့ ပြင်ဆင်နေတဲ့ ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကစား ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၀၀၃ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီး လက်ရှိအချိန်ထိ ၂၁၆ ပွဲပါဝင်ကစားကာ ၁၃၃ ဂိုးသွင်းယူထားတာပါ။ 

ရော်နယ်ဒိုက နိုင်ငံအသင်းအတွက် ကစားပေးရတာထက် ပိုကောင်းတဲ့ အရာဘာမှမရှိဘူးလို့ ပြောခဲ့ပြီး ပေါ်တူဂီကို ကိုယ်စားမပြုချင်တဲ့ ကစားသမားအချို့ကို စိတ်ပျက်မိတယ်လို့လည်း ပြောထားပါတယ်။ 

ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ် A အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၁၅ ရက်မှာ ပိုလန်၊ ၁၈ ရက်မှာ ခရိုအေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN