CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇

ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုက သူဟာ နိုင်ငံအသင်းက အနားယူမယ့် အစီအစဉ်ကို ဘယ်သူ့ကိုမှ ကြိုပြီးပြောသွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ 

ရော်နယ်ဒိုက “ကျနော်နိုင်ငံအသင်းက ထွက်ခွာခဲ့တဲ့အခါ ဘယ်သူ့ကိုမှ ကြိုပြီးပြောသွားမှာ မဟုတ်ပါဘူး။ ဒါဟာ ကျနော့်ရဲ့ အလိုအလျောက် ဆုံးဖြတ်ချက် ဖြစ်လာပါလိမ့်မယ်။ အခုအချိန်မှာ ကျနော် လိုချင်တာက လာမယ့်ပွဲ တွေမှာ နိုင်ငံအသင်းကို အကူအညီပေးနိုင်ဖို့ပါ။ ကျနော်တို့ဟာ နေးရှင်းလိဂ်ပွဲတွေ ကစားဖို့ရှိနေပြီး ဒီပွဲတွေမှာ ကျနော်တကယ် ပါဝင်ကစားချင်ပါတယ်”လို့ ပေါ်တူဂီရုပ်သံ NOW နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက လာမယ့် နေးရှင်းလိဂ် ပွဲစဉ်တွေအတွက် အသင်း လူစာရင်း မထုတ်ပြန်ခင်မှာ သူ့ရဲ့အနာဂတ် အစီအစဉ်တွေကို ပြောလာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ဆက်လက် ပါဝင်ကစားချင်သေးတယ်လို့ ပြောခဲ့ပြီး သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ နိုင်ငံအသင်းအတွက် ပါဝင်ကစားချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုက သူဟာ ကစားသမားဘဝက အနားယူပြီးရင် နည်းပြလုပ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ပြောခဲ့ပါ တယ်။ 

ရော်နယ်ဒိုက “အခုအချိန်မှာ ကျနော်ဟာ နည်းပြအဖြစ် လုပ်ကိုင်မယ့်အကြောင်းကို စဉ်းစားထားခြင်း မရှိပါဘူး။ ကျနော့်ရဲ့စိတ်ထဲမှာ ဒီအကြောင်းကို ဘယ်တုန်းကမှ တွေးခဲ့ခြင်းမရှိပါဘူး။ ကျနော့်ရဲ့ အနာဂတ်ကိုလည်း ဒီလိုမျိုး ဖြတ်သန်းဖို့ မမြင်မိပါဘူး။ ဘောလုံးအပြင်မှာ တခြားအရာတွေ လုပ်နေတာကို မြင်နေရပေမယ့် အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘုရားသခင်ပဲ သိပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။ 

ရော်နယ်ဒိုဟာ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့် အနားယူဖို့အကြောင်းကို မပြောသေးဘဲ ဘောလုံးဆက်ကစားဖို့ကိုသာ စိတ်အားထက်သန်နေတာပါ။

ပေါ်တူဂီအသင်းဟာ လာမယ့် စက်တင်ဘာထဲမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် ခရိုအေးရှား၊ စကော့တလန် အသင်းတို့နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal