CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅

ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုကို စကော့တလန် အသင်းနဲ့ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်မှာ အနားမပေးဘဲ အသုံးပြုမယ်လို့ ပြောခဲ့ပါတယ်။ 

မာတီနက်ဇ်က “ရော်နယ်ဒိုဟာ အသက် ၃၉ နှစ်အရွယ် ကစားသမားတစ်ဦးလို အလုပ်မလုပ်သလို ဒီအသက် အရွယ်လို ပုံစံမျိုးနဲ့လည်း မကစားပါဘူး။ ရော်နယ်ဒိုဟာ ဒီစခန်းမှာ ကောင်းမွန်စွာ လုပ်ဆောင်နေပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲမှာ မိနစ် ၆၀ ကစားပြီးနောက် ဒုတိယမြောက်ပွဲမှာ ပါဝင်နိုင်တယ်ဆိုတဲ့အပေါ် ကျနော် သံသယမရှိပါဘူး။ သူစပြီးပါဝင်မလား ဒါမှမဟုတ် ပွဲအဆုံးထိ ပါဝင်မလားဆိုတာတော့ ကျနော်မသိပါဘူး။ ဒါပေမယ့် သူဒီပွဲမှာ သေချာပေါက်ပါဝင်မှာပါ”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။ 

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ပိုလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက် လူစာရင်းပါဝင်ခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ကာ မိနစ် ၆၀ မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဂလပ်စဂိုမှာကစားမယ့် စကော့တလန်အသင်းနဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ ရော်နယ်ဒိုကို အနားပေးဖွယ် ရှိတယ်လို့ ယူဆခဲ့ပေမယ့် နည်းပြ မာတီနက်ဇ်ကတော့ ဒါကို ပယ်ချခဲ့တာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ကစားပြီးတဲ့ နေးရှင်းလိဂ် ၃ ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ ပိုလန်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် နိုင်ငံတကာသွင်းဂိုး ၁၃၃ ဂိုး အထိ ရှိလာပြီဖြစ်သလို သူ့ရဲ့ကစားသမားဘဝ တစ်လျှောက်သွင်းဂိုးက ၉၀၆ ဂိုးအထိ ရှိလာခဲ့တာပါ။ 

ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၃ ပွဲစလုံး အနိုင်ရရှိထားပြီး စကော့တလန်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲ ရယူနိုင်ရင် ကွာတားဖိုင်နယ် တက်ရောက်နိုင်ဖို့ နီးစပ်သွားမှာဖြစ်ပါတယ်။

စကော့တလန်အသင်းကတော့ ၃ ပွဲစလုံး ရှုံးပွဲကြုံတွေ့ထားတာပါ။

ပေါ်တူဂီအသင်းဟာ နိုဝင်ဘာထဲမှာ နေးရှင်းလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် ပိုလန်၊ ခရိုအေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal