CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅

မွန်ဇာကွင်းလယ်လူ ဒန်နီရယ်လ်မာလ်ဒီနီဟာ အစ္စရေးအသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပွဲဦးထွက်ခွင့် ရခဲ့ပြီးနောက် အီတလီအသင်းအတွက် ပါဝင်ကစားတဲ့ မာလ်ဒီနီရဲ့ တတိယမျိုးဆက် ဖြစ်လာခဲ့ပါတယ်။ 

ဒန်နီရယ်လ်ရဲ့ ဖခင်ဖြစ်သူ ပေါ်လိုမာလ်ဒီနီဟာ အီတလီအသင်းအတွက် ၁၂၆ ပွဲကစားခဲ့ပြီး အဖိုးဖြစ်သူ ဆီဆာမာလ်ဒီနီဟာ အီတလီအသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ ဒန်နီရယ်လ်မာလ်ဒီနီဟာ ဖခင်ဖြစ်သူနဲ့ အဖိုးဖြစ်သူလိုပဲ အေစီမီလန်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပြီး ဒီရာသီမှာ မွန်ဇာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

ဒန်နီရယ်လ်မာလ်ဒီနီဟာ အစ္စရေးအသင်းနဲ့ပွဲမှာ ပါဝင်ခွင့်ရခဲ့ပြီးနောက် အီတလီအသင်းအတွက် အဖိုး၊ ဖခင်နဲ့ သားဖြစ်သူတို့ အားလုံးကစားတာ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပါ။ 

ဒန်နီရယ်လ်မာလ်ဒီနီကို တွေ့ရစဉ်

ဒန်နီရယ်လ်မာလ်ဒီနီက “ဒါက အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ခံစားချက်ရရှိပါတယ်။ ဒီပွဲကို ဝင်ကစားခွင့်ရလို့ အလွန်ပျော်ရွှင်ပြီး ပွဲကလည်း ကောင်းမွန်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲကို ကျနော့် မိဘတွေ လာကြည့်တာကြောင့်လည်း အလွန်ဝမ်းသာပါတယ်။ အိမ်ပြန်ရောက်ရင် သူတို့နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်မှာ ပါ”လို့ ပြောခဲ့ပါတယ်။ 

ဒီပွဲမှာ အီတလီအသင်းဟာ အစ္စရေးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ နီးစပ်သွားခဲ့တာပါ။ 

အီတလီအသင်းဟာ အုပ်စုပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ ထိပ်ဆုံးနေရာ ဦးဆောင်နေပြီး ပြင်သစ် အသင်းက ၉ မှတ်နဲ့ ဒုတိယ၊ ဘယ်လ်ဂျီယံအသင်းက ၄ မှတ်နဲ့ တတိယ၊ အစ္စရေးအသင်းက ရမှတ်မရရှိသေးတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် အီတလီအသင်းဟာ လက်ကျန် နေးရှင်းလိဂ်အုပ်စု ၂ ပွဲမှာ ၁ မှတ်ရယူနိုင်တာနဲ့ ကွာတားဖိုင်နယ် တက်ရောက်ဖို့ သေချာသွားမှာပါ။

အီတလီအသင်းဟာ နေးရှင်းလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် နိုဝင်ဘာထဲမှာ ဘယ်လ်ဂျီယံ၊ ပြင်သစ် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC