CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃
ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အာဆင်နယ်အသင်းအတွက် ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရရှိနေတဲ့ နောက်ခံ လူ ကာလာဖီအိုရီဟာ တစ်နေ့မှာ အသင်းဟောင်း ရိုးမားအသင်းထံ ပြန်လာမယ့် အိပ်မက်ကို ဖွင့်ဟခဲ့ပါတယ်။
ကာလာဖီအိုရီက “ကျနော်ဟာ ရိုးမားအသင်းထံ အနှေးနဲ့ အမြန် ပြန်သွားချင်ပါတယ်။ အခုအချိန်မှာတော့ ဒါဟာ ဖြစ်လာမှာ မဟုတ်ပေမယ့် မြင်ယောင်ပြီး ကြည့်နိုင်ပါတယ်။ ကျနော်ဟာ အရာအားလုံးကို ပြီးပြတ်အောင်မလုပ်ဘဲ ထွက်ခွာခဲ့တာပါ။ ကျနော်ဟာ ရိုးမားအသင်းမှာ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး ပွဲဦးထွက်မှာသွင်းဂိုးနဲ့ ပိုပြီးလည်း ကစားခွင့် ရခဲ့ပါတယ်။ ကျနော်ဟာ အမြဲတမ်း ရိုးမားအသင်းရဲ့ ပရိသတ်အဖြစ် ရှိနေမှာပါ”လို့ ပြောခဲ့တာပါ။
ရိုးမားအသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ကာလာဖီအိုရီဟာ ၂၀၂၀ ခုနှစ်မှာ အသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ ၁၈ ပွဲကစားကာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ကာလာဖီအိုရီဟာ ရိုးမားအသင်းကနေ ဂျီနိုအာအသင်းထံ အငှားကစားခဲ့ရပေမယ့် ၃ ပွဲသာ ကစားခဲ့ရတာပါ။

ကာလာဖီအိုရီကို တွေ့ရစဉ်
ဒီနောက်မှာ ကာလာဖီအိုရီဟာ ဘေဆယ်လ်၊ ဘိုလော့ဂ်နာနဲ့ လက်ရှိ အာဆင်နယ်အသင်းတွေမှာ ကစားနေတာ ဖြစ်ပါတယ်။
ကာလာဖီအိုရီဟာ ဘိုလော့ဂ်နာအသင်းမှာ ကြုံတွေ့ခဲ့ရတာတွေက မယုံနိုင်စရာ ကောင်းမွန်ပေမယ့် ပရီးမီးယား လိဂ်ထံ ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးကို မငြင်းပယ်နိုင်ခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ အာဆင်နယ်အသင်းထံ ရောက်လာခဲ့တဲ့ ကာလာဖီအိုရီဟာ အသင်းအတွက် ၅၄ ပွဲ ကစားထားပြီး ၄ ဂိုး သွင်းယူထားတာပါ။
ကာလာဖီအိုရီဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှု အခြေအနေကြောင့် အာဆင်နယ်အသင်းမှာ ခက်ခဲတဲ့ရာသီကို ဖြတ်သန်းနေရပါတယ်။
အီတလီအသင်းအတွက် ၁၂ ပွဲ ကစားထားတဲ့ ကာလာဖီအိုရီဟာ ပြည်ပမှာ ရုန်းကန်နေရတဲ့အတွက် ရိုးမား အသင်းထံ ပြန်လာချင်တဲ့ သူ့ရဲ့အိပ်မက်က တည်ရှိနေတယ်ဆိုတာ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
Source: besoccer
